
ဦးသိန်းစိန်တို့ ကြံ့ဖွတ်အစိုးရ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးနေပုံကို ကြည့်ပြီး မောင်ရုကမ်း ဆေးခန်းဖွင့်စားခဲ့တုန်းက လူနာတချို့ကို ပြန်မြင်ယောင်လာမိတယ်။
အဲဒီလူနာတချို့ဆိုတာက အမျိုးသမီးလူနာမဟုတ်ဘူး၊ အမျိုးသားလူနာ။ မောင်ရုကမ်းရဲ့ ဆေးခန်းထဲကို သူတို့ ၀င်လာပုံက အခြားအခြားသော လူနာတွေနဲ့ မတူဘူး။ ဆေးကုသခန်းရဲ့အပြင်ဘက် လူနာစောင့်တဲ့ ထိုင်ခုံတွေမှာ လူရှင်းတဲ့အချိန်မျိုး၊ ဆေးခန်းရှေ့က လမ်းမပေါ်မှာလည်း လူခြေပြတ်တဲ့အချိန်မျိုးမှ ခန်းဆီးစကို လှပ်ပြီး အလစ်အငိုက် သုတ်သီးသုတ်ပြာ ၀င်လာတတ်တာကလား။ တချို့ဆို သူ့တို့ကို လူသိမှာ စိုးလို့ထင့်၊ ညမှောင်နေတာတောင် ဦးထုပ်ကြီးက ဆောင်းလာသေး။
တချို့ကလည်း ၀င်လာပြီးမှ ရင်တုန်ပြီး အမောဆို့နေတဲ့ လေသံနဲ့ …
“တော်ပါသေးရဲ့ ဆရာမို့လို့” တဲ့ ရင်ဘတ်ကြီးကို ဖိလို့ …။
သူ ထိတ်ပြာနေတာကို ကြည့်ပြီး အလိုက်ကန်းဆိုးသိတတ်တဲ့ မောင်ရုကမ်းက သူ့မှာ ဆို့နေတဲ့ အလုံးကြီး ကျသွားအောင် …
“ဘာဖြစ်လို့လဲဗျ၊ ဆိုင်းဘုတ်မှာ ရေးထားတဲ့ ကျုပ်နာမည် ‘ရုကမ်း’ ဆိုတာ မိန်းမနာမည်နဲ့ တူနေလို့လားဗျ” လို့ အတည်ပေါက်နဲ့ နောက်ပြီးပြောလိုက်တော့ …
“ဟီး ဟီး ဘာရယ်ဟုတ်ပါဘူးဆရာ ဟီး ဟီး” တဲ့။
“ကဲ ကဲ ဘာရယ်မဟုတ်ရင်လည်း ဘာဖြစ်လာလဲ လိုရင်းကို ပြော” ဆိုတော့ အဲဒီတချို့က မေးတာကို ချက်ချင်းမဖြေသေးဘဲ …
“ဟို … ဟို … ဒီ … ဒီလိုဆရာ” အင်ထရိုတွေ ပျိုးပြီး ရှက်ကိုးရှက်ကန်း အမူအရာတွေ လုပ်ပြနေတတ်သေးတယ်။
လူနာရဲ့အမူအရာကို ကြည့်ပြီး ဓာတ်ပေါက်ပြီးသားဖြစ်နေတဲ့ မောင်ရုကမ်းက …
“ကဲ … ကဲ မေးတာကို ခင်ဗျားက မဖြေတော့ ကျုပ်က ဘာကို ကုပေးရမှာလဲ … ဘာလဲ ခင်ဗျား တိုက်ပွဲကျလာတာလား” လို့ စိတ်မရှည်သလို လေသံနဲ့ နှပ်ကြောင်းပေးပြီး မေးလိုက်တော့မှ ခေါင်းလေးကုတ်သလို လက်ချေး (ဂျီး) တွန်းသလို အမူအရာနဲ့ …
“ဟိုဒင်းဆရာ … ဟို … ဟို … ဟုတ်တယ်ဆရာ ... ဟီး ဟီး” တဲ့။
ရှက်နေတဲ့ လူနာကို ပိုပြီး မရှက်စေလိုတဲ့ မောင်ရုကမ်းက …
“တိုက်ပွဲကျတာများဗျာ ဘာဆန်းလဲ၊ ဒါများ ရှက်စရာမှ မဟုတ်တာ။ ယောက်ျားပဲ။ မကြိုက်တဲ့သူ ဘယ်သူရှိလဲ။ ရှိရင် ကျုပ်ဆီခေါ်လာခဲ့” လို့ မှင်သေသေနဲ့ ဖေးဖေးမမလေး ပြောပေးလိုက်မှ အဲဒီလူနာတချို့ဟာ ရှက်ရွံ့နေတဲ့ အမူအရာတွေ ပြေပျောက်သွားပြီး …
“ဟုတ်ကဲ့ ဆရာ၊ ကျနော်လည်း တခါတည်း မှားမိတာပါဆရာ။ အဲဒါ ဆီးလမ်းကြောင်းကနေ ပြည်တွေ ယိုကျပြီး ဆီးသွားရင် မျက်ရည်တွေထွက်၊ ချွေးပေါက်တွေကျရတဲ့အထိ နာကျင်နေလို့ ဆီးသွားရမှာတောင် အရမ်းလန့်နေတယ်ဆရာ။ ကယ်ပါဦး ဆရာရယ်” လို့ နန်းစတော့ပ် ရင်ဖွင့်ပါလေရော။
လူနာက အကြောင်းစုံ လှစ်ဟလို့လည်းပြီးရော နားထောင်ရင်း ဆေးစုပ်ပြီးသွားတဲ့ မောင်ရုကမ်းက …
“ဒါလေးများဗျာ၊ ဆေးထိုး ဆေးသောက်ရင် ပျောက်မှာပေါ့။ ကဲ … ကုတင်ပေါ်တက်၊ မှောက်၊ ပုဆိုးလျှော့” ဆိုတော့ ခမျာမှာ ဘာမှမပြောရှာတော့ဘဲ ငြိမ်ငြိမ်လေး ၀မ်းလျားမှောက်ပေးပါလေတော့တယ်။ တချို့လူနာတွေက ရှောရှောရှူရှူ မမှောက်ဘဲ “ဆရာ ဂျန်တာမိုင်စင် ထိုးပေးမှာလားဟင်” လို့ အတွန့်တက်သေးတယ်။
အဲဒီလို အတွန့်တက်တဲ့ လူနာဆိုရင် မောင်ရုကမ်းက ရှည်ရှည်ဝေးဝေး ရှင်းပြမနေဘဲ ကုတင်ဘေး ကပ်လျက်မှာရှိတဲ့ နံရံပေါ်က စာတန်းကို လက်ညှိုးထိုးပြလိုက်တယ်။
“ရောဂါပျောက်ချင်ရင် ကုတင်ပေါ်တက်၊ ရက်ပိုင်းအတွင်း ပျောက်မည်။ ဆေးအကြောင်း သိချင်ရင် ဆေးကျောင်းတက်၊ ၇ နှစ်ခွဲ ကြာမည်” ဆိုတဲ့ စာတန်းကို ဖတ်ပြီး လူနာ ငြိမ်သက်စွာ မှောက်ပေးလေတော့တယ်။
အဲဒီနောက် သောက်ဆေးယူ ဉာဏ်ပူဇော်ခလေး ချီးမြှင့်ပြီးသကာလ နှုတ်ဆက်စကားပင် မပြောကြားတော့ဘဲ ဖင်ကလေး ပွတ်ကာပွတ်ကာနဲ့ သုတ်ခြေတင်ပါလေတော့တယ်။ တချို့များဆို ပိုတဲ့ပိုက်ဆံ ပြန်အမ်းတာတောင် “ပြန်မအမ်းပါနဲ့တော့ ဆရာ” ဆိုပြီး နောက်လှည့်မကြည့်တော့ဘဲ တချိုးတည်း လစ်ပါလေရော။ “ဂနိုကောင်တွေ ပိုက်ဆံတောင်းလို့ အရမ်းကောင်းတယ်” လို့ ဂျီပီလုပ်တဲ့ သူငယ်ချင်းဆရာသမားတွေ ပြောတာ ဒါကြောင့်ကိုးလို့ မောင်ရုကမ်း တွေးနေမိသေး။
မောင်ရုကမ်း သုံးနှုန်းတဲ့ “တိုက်ပွဲကျတယ်” ဆိုတာက မကောင်းတဲ့ မိန်းမတွေနဲ့ ဆက်ဆံပျော်ပါးပြီး လိင်ကနေတဆင့် ကူးစက်တဲ့ရောဂါတွေ ရလာတဲ့ လူနာတွေ မျက်နှာမပူအောင် တဘက်လှည့်နဲ့ သုံးနှုန်းလိုက်တဲ့ စကားပါ။
ဟဲ … ဟဲ … အခု ဦးသိန်းစိန်တို့ ကြံ့ဖွတ်အစိုးရ နိုင်ငံရေးအကျဉ်းသားလွှတ်ပုံကြည့်ပြီး မောင်ရုကမ်း အဲဒီ တိုက်ပွဲကျတဲ့ လူနာတွေကို ပြန်မြင်ယောင်နေမိတာခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အသစ်ကျပ်ချွတ် ဒီမိုကရေစီအစိုးရလည်း ပြောသေး၊ သူတို့အစိုးရလက်ထက်မှာ ဖမ်းထားတာမဟုတ်တဲ့ နိုင်ငံအကျဉ်းသားတွေကို လွှတ်ပေးနေပုံက ဂနိုကျတဲ့သူတွေ ဆီးသွားတဲ့အခါ နာကျင်မှာ ကြောက်လို့ နည်းနည်း နည်းနည်းဆီ ဆီးစွန့်နေရသလိုမျိုး နိုင်ငံရေးအကျဉ်းသားတွေကို ကြောက်ကြောက်ရွံ့ရွံ့ တွန့်ဆုတ် တွန့်ဆုတ်နဲ့ လွှတ်ပေးနေတာ မြင်နေရလို့ပါ။
ဒီနေ့လည်း ကြည့် … တတိယအကြိမ် တွန့်ဆုတ် တွန့်ဆုတ်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့သဘော မောင်မင်းကြီးသား သိန်းစိန်အစိုးရ ကြေညာလိုက်ပုံက …
“လွတ်ငြိမ်းသက်သာခွင့် အမိန့်အရ ပြောင်းလဲမှုများ
သေဒဏ် ကျခံထားသူများ – ထောင်ဒဏ် တသက်သို့ ပြောင်းလဲ
ထောင်နှစ် ၃၀ အထက် ကျခံထားသူများ – ထောင်ဒဏ် နှစ် ၃၀ သို့ ပြောင်းလဲ
ထောင်ဒဏ် နှစ် ၂၀ မှ ၃၀ ကျခံထားသူများ – ထောင်ဒဏ် နှစ် ၂၀ သို့ ပြောင်းလဲ
ထောင်ဒဏ် နှစ် ၂၀ အောက် ကျခံနေရသူများ – ကျခံနေရသည့် ထောင်ဒဏ်၏ လေးပုံတပုံကို သက်သာခွင့်ပြု” တဲ့။
ဧကန္တ … မဟုတ်မှလွဲရော၊ ဦးသိန်းစိန် ကြံ့ဖွတ်အစိုးရဆိုတာ ဒီမိုကရေစီအစိုးရသစ် (အရပ်သားအစိုးရ) စစ်စစ် မဟုတ်ဘဲ အရင် ဗိုလ်သန်းရွှေ စစ်အစိုးရဟောင်းကို တိုက်ပုံ၊ ပုဆိုး၊ ခေါင်းပေါင်း ပြောင်းဝတ်ထားတဲ့ အစိုးရသာဖြစ်လို့ စစ်အစိုးရဟောင်းရဲ့ နိုင်ငံရေးဂနိုရောဂါ ကပ်ကျန်နေပြီး ဂနိုရောဂါသည်စစ်စစ်တွေ ဆီးသွားရမှာ ကြောက်နေသလိုမျိုး နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တာကို တွန့်ဆုတ် တွန့်ဆုတ် ထိတ်ထိတ်လန့်လန့်နဲ့ လွှတ်ပေးနေတယ်လို့ မောင်ရုကမ်း ထင်မိလေရဲ့။
အဲဒီတော့ မောင်ရုကမ်းတို့ ဗမာပြည်သူတွေအနေနဲ့ ဦးသိန်းစိန် ကြံ့ဖွတ်အစိုးရအစား “ဦးသိန်းစိန် ဂနိုအစိုးရ” လို့ ပြောင်းလဲခေါ်ဝေါ်ကြပါစို့လား။
ဒေါက်တာရုကမ်း (ဂျီပီ)


8:08 AM
Unknown

Posted in:
0 comments:
Post a Comment