
စလင်းသူကောင်း သမိုင်းရေးဖို့ရာ စိုင်းပြင်းနေသည်မှာ ကြာပါပြီ။ ဒကာမကြီး လူထု ဒေါ်အမာကလည်း တိုက်တွန်း ဖူးသလို ဒေါ်အမာမြေး ဒေါက်တာ ဘိုဘိုကလည်း မကြာခဏ တိုက်တွန်းလေ့ ရှိပါသည်။ ဘာလို့ မရေးသေးတာလဲ ဆိုပြီး မေးခွန်းတွေလည်း မေးတတ်ပြန်ပါသည်။ မိမိ အနေနှင့် မရေးချင်လို့ မဟုတ်ပါ ရေးချင်ပါသည်။ သို့သော်......
သည်သမိုင်းက ရှာဖွေရ ခက်ပါသည်။ စလင်းသား ပါမောက္ခ တစ်ဦးကလည်း တက္ကသိုလ် စာကြည့်တိုက်မှာ ရှာပေးမည် ပြောပြီး ဘာသံမှ ထွက်မလာတော့ပါ။ သူကောင်းမျိုး ပါမောက္ခ ဖြူဖွေး (ခေါ်) ကျော့မှူးအောင်ကလည်း သူရေးထားတာ ရှိကြောင်း ပို့လိုက်မည် ဖြစ်ကြောင်း ပြောဖူးပါသည်။ သို့သော် အကြောင်း ထူးမလာခဲ့ပါ။ သူကောင်းများဖြစ်ကြသော ဦးဘုန်းစိုး၊ ဦးလှဘုန်း တို့ညီအစ်ကိုနှင့် မိမိ ရင်းနှီးပါသည်။ ယခုအခါ ဦးဘုန်းစိုးမရှိသည်မှာ ကြာပြီဖြစ်သလို၊ ဦးလှဘုန်းနှင့်လည်း သိပ်မတွေ့ဖြစ်။ သူက ၀န်ထမ်း ဆိုတော့ ဟိုနယ် သည်နယ်ပြောင်းနေရပြီး စလင်းကို တစ်နှစ်နှစ်ခေါက်လောက်ရောက် ပေမဲ့ ကြာကြာ မနေရ။ သူနှင့်တွေ့ချိန်ကလည်း နည်းသည်။
သို့ဖြစ်၍ ရေးဖို့ရာ သည်သမိုင်း အချိန် ကြာမြင့်နေခြင်း ဖြစ်သည်။ သည်လိုနှင့် မေ့သွားသလိုဖြစ်ပြီး မရေးဖြစ်။ စစ်ကိုင်း သီတဂူ၊ အာယုဒါန ဆေးရုံသို့ ရောက်သောအခါ ဒေါက်တာ နေလင်းက “အရှင်ဘုရား စလင်းသူကောင်း သမိုင်း ရေးပြီလား” ဆိုပြီး အစဖော် တိုက်တွန်းပြန်ပါသည်။
သည်တော့မှ သတိပြန်ရလာပြီး “ရေးစရာအချက်အလက်တွေ ရသင့်သလောက်တော့ ရပါပြီ။ နို့ပေမဲ့ စုံသင့်သည်ထက်စုံအောင် ရှာဖွေပြီး ရေးတော့မယ်။ စိတ်ချပါ၊ ရေးကိုရေးမှာပါ” ဆိုပြီး ကတိပေး ခဲ့သော်ငြားတန်းမရေးဖြစ်ခဲ့။ တစ်နှစ်ကျော်လောက်ရှိမှ ရေးဖြစ်ပါသည်။
ကိုင်း စကြရအောင်ပါ။ “သားချစ်တော့ ကျပင်း၊ သမီးချစ်တော့စလင်း”၊ “စလင်းပန်းပု၊ စကုပန်းချီ”၊
စလင်းစစ် တော့ ချင်း၊ ကျပင်းစစ်တော့ မင်း”၊ “စစ်ကိုင်းထောင်သင်း၊ စလင်း လက်ျာ၊ ပြည်မှာန၀ဒေး”
ပြောစမှတ် ရှိလေသည်။သက်= ကျ= သာကီဝင် ဟု အဆိုရှိသည်တွင် သက်၊ ကျပင်း စသော လူမျိုးများမှာ ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ အချို့လူများကို ဆိုလိုသည်။
(ဦးဘသန်း-ကျောင်းသုံးရာဇ၀င် စာအုပ်) သားချစ်တော့ကျပင်း၊ သမီး ချစ်တော့စလင်းဆိုသည့်အတိုင်း ကံ ရာဇာမင်းကြီးက သားတော်မုဒုစိတ္တအား ကျပင်းမြို့ကို စားစေ၏။ မင်းတုန်းမင်း ကြီးကလည်း မယ်တော်ဝင်စားသည်ဟု ထင်ထားသော အချစ်ဆုံးသမီး သီရိသု မြတ်စွာရတနာဒေ၀ီအား စလင်းမြို့ကို စားစေ၏။ “သင်္ဃသရဋ္ဌ” တကောင်း ပြည်ကြီးကို စတင်တည်ထောင်တော် မူသော ပထမမြို့တည်နန်းတည် အဘိရာဇာမင်းကြီးမှစ၍ ၃ ကျိပ် ၃ ယောက်သောမင်းတို့၏ အဆုံးအဖြတ် ဖြစ်သည့် ဘိန္နကရာဇာမင်းကြီးလက် ထက်တွင် စိန့်တိုင်းသားတရုတ်တို့ နှောင့်ယှက်၍ တကောင်းပြည်ကြီးပျက် သွားရာ၊ အစုလိုက်ကွဲသွားသည်။
၁။ တစ်စုကား မိဖုရား နာဂဆိန် (နာဂဆိန္ဒ) တို့နေမြဲ မန်လည်ကျောင်း အရပ်တွင်နေကြသည်။
၂။ တစ်စုကား သုနာပရန္တတိုင်းသို့ ၀င်ကြသည်။ ယင်းအစုကို မုဒုစိတ္တ သကီဝင်ဟု ဆိုကြသည်။
၃။ တစ်စုကား အရှေ့ရှမ်း ၁၉ ခရိုင်တည်ထောင်ပြီး နေကြသည်။ ယင်းတို့အုပ်စုကို ဘိန္နကရာဇာမျိုးဟု ခေါ်ကြသည်။ မုဒုစိတ္တသာကီဝင်ဆို သည်မှာ ယခုအခါ သုနာပရန္တတိုင်း အတွင်း စလင်းမြို့မှာ နေထိုင်ကြသော သူကောင်းများဟု ဆိုလိုသည်။ စလင်း စကုမြို့များမှ “သူကောင်းမျိုး” ဟူသော လူတန်းစားတစ်ရပ်နှင့် ချောက်မြို့၊ ရေနံ ချောင်းမြို့မှ တွင်းရိုးတွင်းစားဟူသော လူတန်းစားတစ်ရပ်သည် ပုဂံခေတ်တွင် စတင်ဖြစ်ပေါ်လာခဲ့၏။ သူကောင်းမျိုး ရိုးသည် ပုဂံခေတ် ၅၅၆ ခု၊ နရပတိ စည်သူမင်းလက်ထက် တွင်းရိုးတွင်းစား မျိုးရိုးသည် ၂၃၈ ခု၊ ပုဂံတန်နက်မင်း လက်ထက်တွင် စလေငခွေးရန်စနက် ကြောက်ပြီး တန်နက်မင်းကြီး၏ မိဖုရား ဆွေတော်မျိုးတော်တို့နှင့် တိမ်းရှောင် ထွက်ပြေးရာမှ ရေနံချောင်းဝန်းကျင် ဆိပ် သာကွန်းထောက်သို့ ရောက်ရှိပြီး မျိုး ဆက်ပြန့်ပွားဖြစ်တည်ပေါ်ပေါက်လာခဲ့ လေသည်။ စလင်းမြို့ကို ၃ ကြိမ်တည် ခဲ့လေသည်။ မြို့တည်သက္ကရာဇ် လင်္ကာ များမှာ အောက်ပါအတိုင်းဖြစ်သည်-
“အနော်ရထာ ကျွန်ယုံ၊ မဟာပုံ၊ တည်တုံသုံးရှစ်သုံး”
“ငါး ငါးခြောက်ရှိ၊ နရပတိ၊ မှတ်ဘိအလွယ်ဆုံး”
“ခွန်သုံးနှစ်တွေ့၊ သီဟပတေ့၊ တည်လေ့မြို့နယ်ချုံး”
စ ကုလို့ စကု၊ စ လင်းလို့ စလင်း ဆိုသည်မှာ မမှန်ပါ။ မြစ်ကြောင်းစီး ဆင်းမှုအရ စလင်းကိုကျော်ပြီးမှ မိုင် ၂၀ ကျော် စကုကိုရောက်သည်။ စလင်း သူကြီး မဟာပုံအမတ်ကြီးနှင့်တကွ ရေငံ သူကြီး၊ ကြက်တက်မြောသူကြီး၊ လက် ဗွေဆိုင်သူကြီးတို့အား အစုအ၀န်းနှင့် တကွ တာဝန်ချစေခိုင်းလျက်-
၁။ မြို့ပြတည်ထောင်ရာတွင် စွမ်း စွမ်းတမံဆောင်ရွက်နိုင်ခြင်း။
၂။ မုဒုစိတ်္တသာကီဝင်ဟု ဆိုအပ် သော အမျိုးအနွယ်စစ်မှန်ခြင်း။
၃။ အမျိုးအနွယ်ကို အထူးထိန်း သိမ်းစောင့်ရှောက်ခြင်း။
၎။ မြို့စား၊ ရွာစား စဉ်ဆက်စား ရိုးရှိခြင်း။
၅။ လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံခြင်း။
၆။ ဥစ်္စာဓန အခြွေအရံတို့နှင့် ပြည့်စုံ ခြင်းတို့ကြောင့်
စလင်းသူကြီး အမတ်မဟာပုံအား ပြည်စိုးအောင်သမင်္ဂလာဘွဲ့နှင့် သမိုင်း ထီးဦးပေါင်း၊ သင်းကျစ်၊ ကွမ်းခွက်၊ ကွမ်းလိပ်၊ တကောင်းပိတ်၊ ထွေးခံ၊ ဆင်ပေါက်မ ၄ စီးတို့အား ဆုလာဘ် သနားတော်မူ၍ စလင်းမြို့ဝန်ရာထူးနှင့် စလင်းမြို့ ပတ်ဝန်းကျင် လယ်ယာ မိုးမြေ တို့အား စီရင်ဆော်ပိုင် စေလျက် သူ ကောင်းပြုတော်မူလေသည်။
လက်ဗွေဆိုင် သူကြီးအား “ပြည်စိုး စေ၀တ္တနာ” ဘွဲ့နှင့် ရွှေမြင်းက၊ ကွမ်း ခွက်၊ ကွမ်းလိပ်တို့အား ဆုလာဘ် သနား ၍ “ကျောက်စစ်မြို့” နှင့်တကွ စလင်း ချောင်းတစ်လျှောက် စီရင်ဆော်ပိုင်ခွင့် နှင်းလျက် သူကောင်း ပြုတော်မူလေသည်။
ရေငံသူကြီးအား “ပြည်စိုးမဟာ ဘွဲ့” နှင့် မြင်းရွှေက၊ ကွမ်းခွက်၊ ကွမ်း လိပ်တို့အား ဆုလာဘ်သနား၍ “ဖားအိုင် မြို့” နှင့် တကွ မုန်းချောင်းဝဲယာ ကျေးရွာ နယ်ပယ်တို့အား စီရင် ဆော်ပိုင်စေ၍ သူ ကောင်းပြုတော် မူလေသည်။
ကြက်တက်မြော သူကြီးအား “ပြည်စိုး သမန္တရာဇ်” ဘွဲ့နှင့် မြင်းရွှေက၊ ကွမ်းခွက်၊ ကွမ်းလိပ်တို့အား ဆုလာဘ် သနားတော် မူ၍ ဘိုးခေါင်တောင်စဉ် တစ်လျှောက်ရှိ ချင်းလင်းကျေးရွာတို့ အား စီရင်ဆော်ပိုင် ခွင့်နှင်းလျက် သူ ကောင်းပြုတော်မူလေသည်။
ဤသို့လျှင် နရပတိစည်သူမင်း ကြီးသည် သက်ဆိုင်ရာ ဘွဲ့တံဆိပ်၊ ရာထူးရာခံများ ပေးသနားတော်မူ၍ လက်အောက်ခံသံဗျင်၊ တဆေး၊ တမန် တို့ကိုပါ ခန့်ထားလျက်၊ သစ္စာတော်ခံစေ ပြီး “သူကောင်းကြီးများ” ဟု အသိ အမှတ်ပြု တော်မူလေသည်။ ထိုကဲ့သို့ ထီးစဉ်နန်းဆက် သစ္စာစောင့်ထိန်း တာဝန်ကျေ ဆင်းသက်ခဲ့ရာမှ “သူ ကောင်းမျိုး” ဟူ၍ လူတန်းစား သီးခြား တစ်ရပ် ပေါ်ထွက်လာခဲ့လေသည်။ ဤ ကဲ့သို့ သူကောင်းမျိုးရိုးများသည် မြို့ရွာတို့ကို အစဉ် အုပ်ချုပ်ခဲ့ရာ၊ ခေတ်ကာလ အလိုက် ပြောင်းလဲခေါ်ဝေါ်သုံးစွဲခဲ့ကြ လေသည်။
“ပုဂံခေတ်-အင်းဝခေတ်”
မြို့စား၊ မြို့ကွပ်၊ မြို့ကိုင်၊ သံဗျင်၊ ပြည်စိုး၊ ကလန်
“ကုန်းဘောင်ခေတ်”
မြို့စား၊ မြို့ဝန်၊ မြို့စာရေး၊ မြို့ သူကြီး၊ ကျေးရွာသူကြီး၊ သူကောင်းမျိုး နွယ်တို့သည် မိမိတို့၏ ဘိုးဘွားများမှ တောရိုင်းခုတ်ထွင် လုပ်ကိုင်ခဲ့သော လယ်ယာမြေများကို အမွေဆက်ခံပြီး မြို့ ၀န်၊ မြို့စား၊ မြို့သူကြီး၊ သံဗျင်၊ ပြည်စိုး စသည်ဖြင့် အမှုထမ်းရာမှ ရရှိသော (အကြီးစားမြေ) နိုင်ငံတော်အကြီးအကဲ၊ မင်းဧကရာဇ်တို့က သီးစားဆုလာဘ် သနားသဖြင့် ရရှိသော (မင်းပေးမြေ)၊ ငွေကြေးမပြေလည်သူတို့က ပေါင်နှံ သဖြင့် ခေတ္တပိုင်ဆိုင်သော (အပေါင်ခံ မြေ) စသဖြင့် အမျိုးမျိုးသောမြေယာတို့ ကို ပိုင်ဆိုင်ကြ၏။ သူကောင်းအိမ် ထောင်စုကြီးတစ်ခုတွင် လယ်ယာမြေ၊ ဧကပေါင်း ၅၀၀ မှ ၂၀၀၀ အထိ ပိုင် ဆိုင်ကြလေသည်။ ယင်းလယ်ယာမြေ တို့ကို မိမိတို့ ယုံကြည်စိတ်ချရသူအား စီမံအုပ်ချုပ်လုပ်ကိုင်စေ၏။ ယင်း လူယုံ ကို “ကျီစိုး” ဟုခေါ်၏။ “ကျီစိုး” ခန့် ထားခံရသူ သူကောင်းလူယုံတွေက လည်း ပါဝါရှိပြီး ချမ်းသာကြလေ သည်။ သူကောင်းတို့တွင် အတွင်းကျွန်၊ အပြင်ကျွန်ဟုရှိသလို၊ “အမှုလုပ်ကျွန်” ဘိုးဘွားလက်ထက်မှစ၍ စေပါးခဲ့ရ သော အမှုထမ်း အစေခံ “သားပေါက် ကျွန်”၊ အမှုလုပ်ကျွန်မှ ပေါက်ပွားသော အမှုထမ်းအစေခံ “လယ်ကျွန်”၊ ယာ လုပ်ငန်းတွင် ဆင်းရဲ နွမ်းပါးသူများအား တစ်ယောက်တစ်ဝက် သီးစားချထားခံ ရသူ စသည်ဖြင့် အခြွေအရံတွေ ပေါများလှပေသည်။
ယင်းအမှုထမ်းအစေခံများထဲမှ ယုံ ကြည်စိတ်ချရသူ အိမ်မှုကိစ္စနှင့် ငွေကြေး ကိစ္စကို စီမံခန့်ခွဲရသော အိမ်စိုး၊ ဘဏ္ဍာ စိုးတစ်ဦးနှင့် လယ်ယာမြေလုပ်ငန်းများ တွင် ကျွမ်းကျင်စွာ စီမံခန့်ခွဲနိုင်သော “ကျီစိုး” တို့ကို ရွေးချယ်၍ ကျန်သော အစေအပါးတို့ကို ဦးဆောင်စေ၏။ သူ ကောင်းတို့သည် ငွေကြေးမပြေလည်သူ တို့က ပေါင်နှံသဖြင့် ခေတ္တပိုင်ဆိုင်သော အပေါင်ခံမြေ(သို့မဟုတ်) သီးစားမြေကို ၄င်းပေါင်နှံသူတို့ကပင် တစ်ယောက် တစ်ဝက် သီးစားချ၏။ ပေါင်နှံသော ငွေကြေးသာမက ထပ်ငွေ၊ ဆောင်းငွေ ယူလိုကလည်း ထုတ်ချေးခြင်း၊ ပြန် လည်ရွေးနုတ်လိုသော အခါ အတိုးငွေ မပါ ပြန်လည်အရွေးခံခြင်း၊ သီးစားချ ထားစဉ် ကာလပတ်လုံး လယ်ယာလုပ်ငန်း အတွက် လိုအပ်သော ကျွဲနွား၊ ထွန် တုံး၊ ထွန်တံမှအစ ယင်းလယ်ယာလုပ် သားမိသားစု တစ်ခုလုံး၏ စားဝတ်နေရေး အားလုံးကို တာဝန်ယူသည်။
သဘာဝဘေးဒဏ်သင့်၍ လုပ်သီးကိုင် စားမရသည့် နှစ်များတွင်လည်း လယ် သမားများ၊ ကြွေးယူထားစသူများ သရောကြီး ပစ်ကာလျှော့ချ အနစ်နာခံ လေ့ရှိလေသည်။ သူကောင်းများသည် အခြွေအရံတွေ များပြားလှသလို သူ ကောင်းအိမ်ထောင်တစ်စုတွင် ၅ ဧကမှ ၁၀ ဧကခန့် ကျယ်ဝန်းသော ခြံဝန်း ကျယ်ကြီးများနှင့် နေထိုင်ကြလေသည်။ ယင်းခြံဝန်းကျယ်ကြီးအလယ်တွင် သစ် သားအိမ်ကြီး(သို့မဟုတ်) အုတ်တိုက်ကြီး တစ်ဆောင်ကို တွေ့မြင်နိုင်ပြီး ယင်းအိမ် ကြီး၏ ပတ်ချာလည်တွင် သုံးပင်အိမ် ၁၀ လုံးခန့်နှင့် သူကောင်းများ အသုံးပြု စီးနင်းရန် မွေးထားသော မြင်းဇောင်းနှင့် အဖိုးတန်မြင်းများ နွားတင်းကုပ်၊ လှည်းယာဉ်၊ မြင်းလှည်း ယာဉ်များထား သော အဆောက်အအုံ စပါး ၄၀၀၀၊ ၅၀၀၀ ခန့် ၀င်ဆံ့သောစပါးကျီကြီးများ ကို တွေ့ရသည်။ အလယ်ခေါင် အိမ်မကြီး (သို့မဟုတ်) အုတ်တိုက်ကြီးများ တွင်လည်း ဘုရားခန်း၊ ဧည့်ခန်း၊ နားနေ ခန်း၊ အိပ်ခန်း၊ ထမင်းစားခန်း၊ စားဖိုခန်း၊ အမှုလုပ်များနားနေခန်း၊ သန့်စင်ခန်း၊ လသာဆောင် စသည်ဖြင့် အဆောင် ဆောင်အခန်းခန်းဖြင့် ခမ်းနားကြီးကျယ် စွာ နေထိုင်ကြလေသည်။
ဘေးပတ်ချာ လည်ရှိ ၃ ပင်အိမ်ကလေးများတွင်မူ ထမင်းချက်၊ ခြံစောင့်၊ ဥယျာဉ်မှူး၊ အမှု လုပ်၊ မြင်းထိန်း၊ နွားကျွေး၊ ဘဏ္ဍာစိုး (ခေါ်) အိမ်စိုးတို့၏ မိသားစုများ နေထိုင် ကြသည်။ ယင်းတို့၏ မိသားစုများအပါ အ၀င် လူအားလုံး၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ သာရေးနာရေး ကိစ္စအ၀၀ ကို သက်ဆိုင်ရာ အိမ်ကြီးရှင်သူကောင်း များက တာဝန်ယူ စောင့်ရှောက်ဖြည့် ဆည်းပေးလေသည်။ ၄င်းသူကောင်း မျိုးနွယ်တို့၏ နေထိုင်ပြောဆိုပြုမူ ဆက်ဆံ ပုံများမှာလည်း မိဘနှင့်သား သမီး၊ အရှင်နှင့်ကျွန်၊ ရှေးပဒေသရာဇ် ခေတ်အသုံးအနှုန်းအတိုင်း ဘဘဘုရား၊ မယ်မယ်ဘုရား၊ ကိုယ်တော်လေးဘုရား၊ သခင်မဘုရား စသည်ဖြင့်လည်းကောင်း၊ ခင်ဗျား- ကျွန်တော်အစား၊ ကျွန်တော် မျိုး စသည်ဖြင့် ထည့်သွင်းပြောဆိုကြ ပြီး၊ မြန်မာဆန်ဆန်၊ ဗမာပီပီသသ ၀တ်စားနေထိုင်ကြကာ၊ ဂါရ၀ နိဝါတ တရားနှင့်အညီ ပြောဆိုဆက်ဆံကြလေ သည်။ ယခင်အခါက (အင်္ဂလိပ်ခေတ်မှ လွတ်လပ်ရေးရပြီး ပြည်ထောင်စုအစိုးရ ခေတ်အထိ) စလင်းမြို့၊ ပေါင်းပင်ဇင်း ရပ်၊ မြို့လည် နရပတိစည်သူ လမ်းမ ကြီး၏ မြောက်ဘက်တွင် သူကောင်း ဦးမောင်မောင်လေး၊ ဒေါ်တင့်တင့်၊ သူ ကောင်းဦးဘ၊ ဒေါ်ဆိုင်၊ သူကောင်း ဦးမျိုးထူးတို့၏ အိမ်ဝိုင်း ခြံဝိုင်းကြီးများ ရှိကြသည်။ လမ်းတောင်ဘက်တွင် သူ ကောင်းဖိုးထွားကြီးဝိုင်း၊ ၄င်း၏သား မက် ဦးအောင်ကြီးဝိုင်း၊ သူကောင်း ဦးထွန်းအင်၊ ဦးဘခင်ဝိုင်းတို့ ရှိကြ သည်။ ၄င်းဝိုင်းများ၏တောင်ဘက်တွင် လည်း သူကောင်းဦးသာဒွန်းအောင်၏ ယောက်္ခမ သူကောင်းဦးပန်၊ သား ဦးစောမောင်တို့၏ ၀ိုင်းကျယ်ကြီးများ၊ တိုက်များရှိနေပါသေးသည်။
၎င်းဝိုင်းများနှင့် နီးစပ်ရာ ၀ိုင်းမြေ ခြံမြေများလည်း ၄င်းတို့နှင့် မကင်း သော ဆွေမျိုးများ၊ အမှုလုပ်များနေထိုင် ကြသဖြင့် ထိုအချိန်က ပေါင်းပင်ဇင်း တစ်ရပ်ကွက်လုံး သူကောင်းမြေနှင့် မလွတ်နိုင်ကြချေ။ ယခုအချိန်တွင်မူ သူကောင်းများ အများစု ရန်ကုန်၊ မန္တလေးမြို့ကြီးများနှင့် အမေရိကန် နိုင်ငံ၊ ဂျပန်နိုင်ငံ၊ အင်္ဂလန်နိုင်ငံများတွင် အခြေချနေထိုင်လျက်ရှိပါသည်။ ယခု အခါမှာ စလင်းမြို့ပေါ်တွင် သူကောင်း မျိုး ၂ ဦး၊ ၃ ဦးနှင့် တိုက်လွတ်ဝိုင်း လွတ်ကျယ်ကြီးများကိုသာ တွေ့ရတော့ သည်။ ရှေးအခါက မြန်မာနိုင်ငံ အထက် အောက်တစ်လွှားတွင် နယ်မြေအသီးသီး ၏ ထူးခြားဖြစ်စဉ်များကို ဒေသခံဆရာ တော် လူပုဂ္ဂိုလ် သက်ကြီးရွယ်ကြီးများက ပေပုရပိုက် စသည်တို့ဖြင့် မှတ်တမ်း တင်ထားခဲ့ကြသဖြင့် သမိုင်းကျန်ရစ်ခဲ့ ခြင်းဖြစ်သည်။ သူကောင်းများက လည်း သူတို့မျိုးရိုးအစဉ်အဆက်နှင့် ကောင်းမှုမှတ်တမ်းများ ပြုလုပ်ရေးသား ထားခဲ့လေသည်။
စလင်းမြို့ သမိုင်းကြောင်းကို စလင်း၊ ကျပင်း နှစ်မြို့ဝန် စစ်ကဲကြီး မဟာမင်းခေါင်သမိန်လော၏ တောင်း ပန်ချက်အရ၊ သူကောင်းမျိုးနွယ်ဝင်၊ လူမည်ဦးစံလှဘော် “ရဟန်းဘွဲ့ အရှင် စိန္တာမဏိမထေရ်”၊ မဟာသုနန္ဒာရမ ပထမ ဆရာတော်ကြီးက ၁၂၃၇ ခု၊ ပြာသိုလတွင် ရေးသားမှတ်တမ်းတင်ခဲ့ သောကြောင့် တိကျခိုင်မာသိရသည်။ ထို့အပြင် လူနေမှုအဆင့်အတန်း၊ မြို့ပြ ဆိုင်ရာအခြေအနေ၊ ငွေကြေးသုံးစွဲမှု အခန်းကဏ္ဍတို့ကို ဖော်ပြပါရှိသော ၁၂၈၂ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် နေ့စွဲ မြို့သူကြီး ဦးဘုန်းတင်ရေးသား ထားသော (အေဒီ ၁၆၇၄၊ ၁၆၉၄) စစ် တမ်း၊ ဘိုးတော်ပဒုံမင်းလက်ထက် မြန်မာသက္ကရာဇ် ၁၄၃၆ အေဒီ ၁၇၈၂-၁၈၁၉) ၁၁၄၅ ခု၊ ပြာသိုလဆန်း ၁၂ ရက် (၃-၁။ ၁၇၈၄) နေ့ မဟာသမန်း ဘွဲ့ခံ ဦးအေး ခိုင်စားသူကြီး ဦးအေး ရေးဆက်တင်သွင်းသော စစ်တမ်းများ ကို တွေ့ရှိရသဖြင့် ခေတ်စနစ်၏ လူနေ မှုအဆင့်အတန်းနှင့် စီးပွားရေးအခန်း ကဏ္ဍများကို မှန်းဆသိရှိခွင့်ရလေသည်။ ယင်းသို့သော စာတမ်းများ၊ ပုရပိုက် မှတ်တမ်းများအရ သူကောင်းမျိုးနွယ်စု ဆွေစဉ်မျိုးဆက်ကို အောက်ပါအတိုင်း သိရှိရပါသည်။ နရပတိစည်သူမင်းကြီး လက်ထက်မှစ၍ မြို့သူကြီး ရိုး ၄ ခုတို့ ၏ မျိုးရိုးဆက်နွယ်တို့ကို ဆက်လက် လေ့လာကြည့်လျှင်-
(က) စလင်းမြို့ဝန် (ပြည်စိုးအောင် သမင်္ဂလာ) ဘွဲ့နှင့် (ပိုးစာမြေတိုင်) မြို့ သူကြီးရိုးရာမှ (မဟာဇေယျဘတ္တရာဇာ ဘွဲ့) ကို ထပ်ဆင့်ရရှိခဲ့လေသည်။ ၄င်း ဘွဲ့ သူကောင်းအနွယ်တော်တို့မှာ-
၁။ ဦးကျော်စိုး မဟာဇေယျဘတ္တရာဇာဘွဲ့
၂။ ၄င်း၏သား ဦးတုတ်ကျော် မဟာဇေယျဘတ္တရာဇာဘွဲ့
၃။ ၄င်းသား ဦးပန်းခိုင် မဟာဇေယျဘတ္တရာဇာဘွဲ့
၎။ ၄င်းသား ဦးရွှေဆိုင် မဟာဇေယျဘတ္တရာဇာဘွဲ့
၅။ ၄င်းသား ဦးတော မဟာဇေယျဘတ္တရာဇာဘွဲ့
၆။ ၄င်းသား ဦးသာဒွန်းအောင် မဟာဇေယျဘတ္တရာဇာဘွဲ့
၇။ ၄င်းသား ဦးကြီး မဟာဇေယျဘတ္တရာဇာဘွဲ့
(က) ရေငံသူကြီး (ပြည်စိုးမဟာ) မှ မဟာသူကြီးရိုးနှင့် (မဟာသမန်း) ဟူသောဘွဲ့ကို ဆက်လက်ရရှိခဲ့ပြန်ရာ၊ ၄င်းမှ ဆင်းသက်လာသော အဆက် အနွယ်များမှာ-
၁။ ဦးရည်မှန်
မဟာသမန်းဘွဲ့
၂။ ၄င်း၏သား ဦးဘုန်း မဟာသမန်းဘွဲ့
၃။ ၄င်း၏သား ဦးပေါ မဟာသမန်းဘွဲ့
၎။ ၄င်း၏သား ဦးစံအောင် မဟာသမန်းဘွဲ့
၅။ ၄င်း၏ညီ ဦးထွန်း မဟာသမန်းဘွဲ့
၆။ ၄င်း၏တူ ဦးအေး မဟာသမန်းဘွဲ့
၇။ ၄င်း၏သား ဦးစံဝင်း မဟာသမန်းဘွဲ့
၈။ ၄င်း၏သား ဦးစံခိုင် မဟာသမန်းဘွဲ့
၉။ ၄င်း၏ညီ ဦးကျော်ဇံလှ မဟာသမန်းဘွဲ့
၁၀။ ၄င်း၏တူ ဦးတိုး မဟာသမန်းဘွဲ့
(မှတ်ချက်) ဦးတိုးမှာ မဟာဇေယျ ဘတ်္တရာဇာဘွဲ့ရ ဦးသာဒွန်းအောင်၏ သားမက်ဖြစ်၍ ဘိုးဖြစ်သူ ပခန်းငယ်သူ ကြီး ရာထူးဆက်ခံရသည်။ ဦးကြီး ကွယ်လွန်မှ စလင်းသူကြီးရာထူးဆက်ခံ သည်။ မြို့သူကြီးဆိုသည်မှာ မြို့ဝန် ရာထူးကို ဆိုလိုသည်။
၁၁။ ဦးတိုး၏သား ဦးညို မင်းထင်သမန္တစည်သူဘွဲ့
(ခ) သီရိသမန္တကျော်ထင်ဘွဲ့ခံ ပခန်းသူကြီးဦးဝင်းမှာ ဦးတိုး၏ ၊ ဖြစ်၍ ၁၂၁၅ ခုနှစ်တွင် ဦးတိုးမှာ ပခန်းငယ် သူကြီးအဖြစ် ဆက်ခံရသည်။ ဦးကြီး ဦးကျော်ဇံလှ အနိစ္စရောက်မှ ၁၂၃၂ ခုနှစ် တွင် မဟာသမန်းရိုးဖြစ်သည်နှင့်လျော် ညီစွာ မဟာသမန်းဘွဲ့နှင့် စလင်းမြို့ဝန် ဖြစ်လာသည်။ ဦးတိုး၏သား ဦးညိုမှာ မဟာဇေယျဘတ္တရာဇာဆက်ဖြစ်ပြီး ဦးတိုး၏နောက် သီပေါမင်းပါတော်မူ သည်အထိ စလင်းမြို့၏နောက်ဆုံးမြို့ဝန် ဖြစ်သည်။ ဤတွင် မှတ်သားရန်အချက် တစ်ချက်မှာ ဦးညို၏ညီ ဦးဖိုးဦးမှာ သီပေါမင်းပါတော်မူသောအခါ မင်းလှ ခံတပ်မှ မင်းကြီးမင်းလက်ဝါးနှင့်အတူ ဗိုလ်မှူးအဖြစ် အင်္ဂလိပ်တို့ကို ခုခံတိုက် ခိုက်ခဲ့သူဖြစ်သလို ၄င်းဦးဖိုးဦး၏သား ဦးအောင်ကိုးမှာလည်း နယ်မြေဒေသကို ငဲ့ကွက်၍ အင်္ဂလိပ်ခေတ်တွင် မြို့ပိုင် ရာထူးကို လက်ခံခဲ့ပြီး နောက်ပိုင်းတွင် နယ်ချဲ့ဆန့်ကျင်ရေးအစည်းအရုံးဥက္ကဋ္ဌ အဖြစ် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့လေသည်။
(ဂ) လက်ဗွေဆိုင်သူကြီး (ပြည်စိုး စေ၀တ္တနာ) မှ ခိုင်စားသူကြီးရိုး လောင်း ရှည်သူကြီးရိုးတို့နှင့် ပေါင်းစပ်ဆက်နွယ် ၍ (သီရိဝဍ္ဎရာဇာသူဘွဲ့)နှင့် ခိုင်စားသူ ကြီး သူကောင်းမျိုးဟု ဆင်းသက်လာ ပြန်သည်။ ၄င်း သူကောင်းတို့မှာ-
၁။ ဦးရွှေခိုင် သီရိဝဍ္ဎရာဇာသူဘွဲ့
၂။ ၄င်း၏သား ဦးအောင်သော် သီရိဝဍ္ဎရာဇာသူဘွဲ့
၃။ ၄င်း၏သား ဦးမျိုးထွန်း သီရိဝဍ္ဎရာဇာသူဘွဲ့
၎။ ၄င်း၏သား ဦးစံသာ သီရိဝဍ္ဎရာဇာသူဘွဲ့
၅။ ၄င်း၏သား ဦးရွှေဘော် သီရိဝဍ္ဎရာဇာသူဘွဲ့
၆။ ၄င်း၏သား ဦးနွယ်အောင် သီရိဝဍ္ဎရာဇာသူဘွဲ့
၇။ ၄င်း၏သား ဦးရွှေအုံ သီရိဝဍ္ဎရာဇာသူဘွဲ့
၈။ ၄င်း၏သား ဦးသိုက်ထွန်း သီရိဝဍ္ဎရာဇာသူဘွဲ့
၉။ ၄င်း၏သား ဦးလူတုတ် သီရိဝဍ္ဎရာဇာသူဘွဲ့
၁၀။ ၄င်း၏သား ဦးထွားကြီး သီရိဝဍ္ဎရာဇာသူဘွဲ့
သီပေါမင်း လက်ထက်မှ အင်္ဂလိပ် ခေတ်အထိဖြစ်သည်။ ခိုင်စားမျိုးမှ ဦး ကျော်ဇံဆိုသူမှာ ၁၂၁၉ ခုနှစ်တွင် နေပြည်တော်သို့ အဆောင်တော်မြဲ ရာထူးဖြင့် သွားရောက် အမှုထမ်းရာ၊ ၄င်း၏ သမီးဒေါ်အေးသည် တာပွန်မြို့စားဦး အောင်ရွှေ၏သား ရန်ကုန်မြို့ စစ်ကဲတော် ဦးမောင်မောင်ကြီးနှင့် လက်ဆက်သဖြင့် အောင်မြန်မာနိုင်ငံ သူကောင်းမျိုးပြန့်ပွား ခဲ့လေသည်။ သီရိဝဍ္ဎနရာဇသူဘွဲ့ခွ ခိုင် စားရိုးမှ စလင်း၊ ကျပင်း၊ လောင်းရှည် မြို့သူကြီး ၃ ဦးအဆက်အနွယ်များမှ ပေါင်းစပ်နွယ်တော်စပ်သူ ငယ်အမည် (အိုအိုကြီး)ဆိုသူမှာ အင်္ဂလိပ်နယ်ချဲ့ တော်လှန်ရေး၊ ဖက်ဆစ်တော်လှန်ရေး များတွင် မြန်မာ့မျိုးချစ်တပ်မတော်၌ (ဗိုလ်ဖုန်းရောင်) အမည်နှင့် ပါဝင်အမှု ထမ်း၍ (မော်ကွန်းဝင်ပထမအဆင့်) နှင့် မျိုးချစ်ဗမာ့တပ်မတော်စစ်သေနာပတိ ချုပ် ဗိုလ်ချုပ်အောင်ဆန်း၏ (အရေး တော်ပုံ ဂုဏ်ထူး ဆောင်လက်မှတ်) ကို ပါ ရရှိခဲ့လေသည်။ မြန်မာနိုင်ငံလွတ် လပ်ရေးရပြီးသည့် နောက်ပိုင်းတွင်လည်း မြန်မာ့ တပ်မတော်တွင်(ဗိုလ်အေး သွင်)အမည်နှင့် ဆက်လက်အမှုထမ်းခဲ့ သည်။
(ဃ) ကြက်တက်မြောသူကြီး (ပြည်သီရိဝဍ္ဎနရာစိုးသမန္တရာဇ်)၏ အဆက်အနွယ်များ နောက်ကာလတွင် (တော်စဉ်စားရိုး)ဟု ခေါ်တွင်ကာ၊ (စေတုတ္တရာမြို့သူကြီး)(မင်းစက္ကရာဇ်) ဘွဲ့နှင့်(သမန္တာရာဇ်)ဘွဲ့များ ရရှိခဲ့လေ သည်။ ၄င်းတို့မှ ဆင်းသက်လာသော အဆက်အနွယ်များမှာ-
၁။ ဦးလှဖြူ မင်းစက္ကရာဇ်ဘွဲ့
၂။ ၄င်း၏သား ဦးစံဖျော် မင်းစက္ကရာဇ်ဘွဲ့
၃။ ၄င်း၏သား ဦးအောင်သာ သမန္တရာဇ်ဘွဲ့
၎။ ၄င်း၏သား ဦးစိုး ဇေယျကျော်ထင်ဘွဲ့
၁၁၄၅ ခုနှစ်တွင် တောင်စဉ်စားရိုး နောက်ဆုံးဆက်ဦးစိုးမှာ မိဘမျိုးရိုး တောင်စဉ်စားမြို့သူကြီးအရာကို လက်မ ခံဘဲ ၁၁၄၅ ခုနှစ်တွင် ဇေယျကျော်ထင် ဘွဲ့နှင့် စလင်းစစ်ကဲအရာဖြင့် အမှု ထမ်းခဲ့သည်။
(၁) ပြည်စိုးမဟာသူကြီးရိုးနှင့် စကု လယ်ကိုင်းသူကြီးရိုးဟု ပေါ်ပေါက်လာ ပြန်ရာ ၄င်းအဆက်အနွယ်များသည် (ချမ်းသာပတေ့ဘွဲ့)နှင့် သမန္တသူဘွဲ့များ ရရှိခဲ့ကြလေသည်။ ထိုအဆက်အနွယ် များမှာ-
၁။ ဦးရွှေဦး ချမ်းသာပတေ့ဘွဲ့
၂။ ၄င်း၏သား ဦးကြာညို သမန္တသူဘွဲ့
၃။ ၄င်း၏သား ဦးဗျိုင်း ချမ်းသာပတေ့ဘွဲ့
၎။ ၄င်း၏သား ဦးထွန်းဦး ချမ်းသာပတေ့ဘွဲ့
၅။ ၄င်း၏ တူသားမက် ဦးအန်ထော်နီ မင်းလှသမန္တသီရိဝဏ္ဏကျော်ခေါင်ဘွဲ့၊ သီရိသမန္တ၀ဏ္ဏကျော်ခေါင်ဘွဲ့နှင့် TDM ဘွဲ့များရှိသည်။)
၆။ ၄င်း၏သား ဦးအေးကြီး (လယ်ကိုင်း သူကြီး)
၇။ ၄င်း၏သား ဦးပန် (ပါလီမန်အမတ်)
၈။ ၄င်း၏ညီ ကြာစို (နယ်ပိုင်ဝန်ထောက်)
၉။ ဦးပန်၏သားမက် ဦးသာဒွန်းအောင် (ပါလီမန်အမတ်)စသည်တို့ဖြစ်ကြသည်။ ၄င်းသူကောင်းနှင့်ပတ်သက်၍ ပူးတွဲ တင်ပြလာသည်မှာ ၁၁၄၅ ခုနှစ်မှ ၁၁၆၄ ခုနှစ်အထိ စလင်းမြို့ပိုးစာမြေ တိုင်သူကြီးရိုးနှင့် မဟာသမန်းရိုးတို့မှ စီရင်အုပ်ချုပ်ခဲ့ကြောင်း စစ်တမ်းများ အရ သိရှိရလေသည်။ ၄င်းအပြင်(မဟာ သမန်းကျော်) ဘွဲ့ရ ဦးထွန်း၏ မျိုးနွယ် စုမှ ဗိုလ်မှူးမင်း ရန်ငူသည် အလောင်းမင်း တရားကြီး ယိုးဒယားသို့ ချီတက်ရာ တွင် ပါဝင်၍ ဟံသာဝတီကို အောင်မြင် သောအခါ နန်းဦး ရုပ်ပွားတော်ကို စလင်း မြို့နယ်သူ နယ်သားများကိုးကွယ်ရန် အလို့ငှာ ပင့်ဆောင် ခဲ့လေသည်။
ထိုရုပ် ပွားတော်မှာ စလင်းမြို့၊ လက်ပံပင် ကျောင်းတိုက် ဂန္ဓကုဋီတိုက်အတွင်း စံပါယ်လျက်ရှိသော ရတနာမဉ္ဇူ ရုပ်ပွား တော်မြတ်ဖြစ်လေသည်။ စလင်းမြို့ရှိ သူကောင်းမျိုးနွယ်တို့သည် အထက်မှာ တင်ပြခဲ့သည့်အတိုင်း မြို့ဝန်မြို့အုပ်၊ စစ်ကဲ၊ ဗိုလ်မှူးစသဖြင့် မြို့နယ်အရေး၊ တိုင်းပြည်အရေးတို့၌ ကျရာတာဝန်ထမ်း ဆောင်ခဲ့ကြလေသည်။ မြန်မာသမိုင်းစဉ် တစ်လျှောက်လုံးတွင်လည်း စလင်းမြို့ ၀န်၊ မြို့သူကြီးတို့သည် မည်သည့်မြို့ စား၊ မည်သည့်မင်းဧကရာဇ်ကိုမျှ သစ္စာဖောက်တော်လှန်ပုန်ကန်ခြင်း မရှိ ပေ။ မိမိအရှင်၏ သစ္စာကို စောင့်သိ ရိုသေ၍ တာဝန်ကျေသူများသာ ဖြစ်ကြ ပေသည်။ စလင်းသမိုင်းကျမ်း၌ ဖော်ပြ ခဲ့သည့်အတိုင်း စလင်းစားစည်သူ ကျော်ထင်သည် သတိုး ဓမ္မရာဇာမင်း ကြီး (ဘုရင်မင်းခေါင်ညီတော် သတိုး ကျော်)၊ သူရဲကောင်းဗျတ်စ စလင်းစား နော်ရထာတို့၏ အကြောင်းအရာ အတ္ထုပ္ပတ္တိများက ၄င်းအချက်ကို သက် သေခံလျက်ရှိပါသည်။ ၄င်းအပြင် သက္ကရာဇ် ၁၂၄၇ ခုနှစ်တွင် စလင်း မြို့၏ နောက်ဆုံးမြို့ဝန်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သော မင်းထင်သမန္တ စည်သူဘွဲ့နှင့် မဟာသမန်းဘွဲ့ရ ဦးညို သည် သီပေါမင်းပါတော်မူပြီးနောက် အင်္ဂလိပ်တို့က ဘွဲ့ထူး ရာထူးဖြင့် ဆက်လက် အုပ်ချုပ်ခွင့်ပေးသော်ငြား အင်္ဂလိပ် သစ္စာမခံ ရာထူးဘွဲ့ထူးကို စွန့်လွှတ်ခဲ့ ၏။
ယနေ့အထိ သူကောင်းမျိုးနွယ်စုမှ လူပုဂ္ဂိုလ်များသည် ဗုဒ္ဓဘာသာမှ အခြားဘာသာသို့ ကူးပြောင်းသူမရှိ၊ ဘာသာခြားလူမျိုးခြားနှင့် အိမ်ထောင် ပြုသူမရှိ၊ အမျိုးဘာသာအတွက် ဇာတိမာန်ထက်သန်သူများ ဖြစ်သည်။“စေတီပုထိုးများ မြေကြီးကျိုးမျှ” ဟူ သော စေတီယပကာသနီကျမ်းထွက် နှင့်အညီ စလင်းမြို့တွင် စေတီပုထိုး ထောင်နှင့်ချီရှိသည်။ လူနေရပ်ကွက် ၈ ရပ်ကွက်ပင်ရှိသော်ငြား ဘုန်းတော်ကြီး ကျောင်း ၆၀ ကျော်ရှိလေသည်။ ရှေး ဟောင်းဘုရားများနှင့် ဘုန်းတော်ကြီး ကျောင်းများမှာ စလင်းသူကောင်းများ ၏ ကုသိုလ်တွေက များလေသည်။
“စလင်းပန်းပု၊ စကုပန်းချီ”ဆို သည့်အတိုင်း ရှေးဟောင်းပန်းပုရုပ်လုံး ကြွ ကျောင်းတော်ကြီးများ လှူဒါန်းခဲ့ရာ တွင် ငွေဒင်္ဂါး ၉ တင်း၊ ၁၀ တင်းကုန် ကျသည်ဟု မှတ်တမ်းများရှိလေသည်။ ကျောင်းကြီးများ၏ တန်ဖိုးဖော်ပြပါ ငွေတင်းရေနှင့် ပတ်သက်၍ ငွေခြင် သော တင်းမှာ ၁၀ ပြည်ဝင်သည်။ (ငွေ တစ်ပြည်သည် တစ်ထောင်မည်၏။) ၁၀ ပြည် ၀င်သည်ကား တစ်တင်းထား လော့။ ငွေသားတိတိတစ်သောင်းရှိ၏။ ပပ၀င်းပတ်ပျိုး၌လည်း(ဟန်တစ်ခါပြင် ရွှေစင် ၁၀ တင်း၊ ဆက်သွင်းပုံသေ သိန်းတန်တဲ့မေ) ဟူသောစကားကို လည်း ထောက်ဆနိုင်ပါသည်။ စလင်း မြို့တွင် သူကောင်းများကောင်းမှု စေတီ ပုထိုးများ၊ ရှေးဟောင်းပန်းပုကျောင်း တော်ကြီးများ ယနေ့တိုင်ရှိနေပါသေး သည်။ ကိုးဆောင်တိုက်ကျောင်း၊ ရွှေ ကျောင်း၊ မြောက်လေးစဉ်ကျောင်းကြီး များမှာ အံ့မခန်းပါ။ စလင်းသူကောင်း ဟူသော လူတန်းစားတစ်ရပ်သည် ဟိတ်ကြီးလှသည်။ ကျော်ကြားလှ သည်။ မဟာဆန်လှသည်။
သူကောင်းများ ခေတ်ကောင်းစဉ် အခါက လယ်ယာမြေတွေ လက်ညှိုး ထိုးမလွဲ ပိုင်ဆိုင်ခဲ့ကြသလို စာသင် တိုက်များသို့ နေ့စဉ်နွားလှည်းနှင့်ဆွမ်း၊ ဆွမ်းဟင်းများ ပေးပို့လှူဒါန်းခဲ့ကြလေ သည်။ ယင်းလှည်းကို ဆွမ်းထုတ် လှည်းဟု ခေါ်ကြပြီး ဆွမ်းပို့သည်မှ တစ်ပါး အခြားဘာကိစ္စကိုမှ သုံးလေ့မရှိ ကြပါ။ အဖိုးတန် ကျောင်းကန်ကြီးတွေ လှူသည့်အခါ ဘုရားခန်းမှအစ မီးဖို ဆောင်အသုံးအဆောင် လက်သုတ်စုတ် အထိ အကွက်ကျကျ လှူဒါန်းကြသလို သူတို့မရှိသည့် နောက်ကျောင်းနှင့် သံဃာတော်များအတွက် ပစ်္စည်း ၄ ပါး အလို့ငှာ လယ်ယာမြေများကိုပါ လှူ ဒါန်းခဲ့ကြလေသည်။ သူကောင်းများ သည် မျိုးရိုးကိုစောင့်ထိန်းသည့် အနေဖြင့် သူတို့မျိုးရိုးတူ အချင်းချင်းသာ လက် ဆက်ကြလေသည်။ သူတို့၏ ထိမ်းမြား မင်္ဂလာ အခမ်းအနား၊ အသုဘ အခမ်း အနားများကို မင်းဆွေမင်းမျိုးများ သဖွယ် ကြီးကျယ်ခမ်းနားစွာ ကျင်းပ ကြလေသည်။ သူတို့၏ ထိမ်းမြား မင်္ဂလာအခမ်းအနား၊ အသုဘအခမ်း အနားများကို မင်းဆွေမင်းမျိုးများ သဖွယ် ကြီးကျယ်ခမ်းနားစွာ ကျင်းပ ကြလေသည်။ ကိုယ်ပိုင်သင်္ချိုင်းလည်း ရှိ လေသည်။
သူကောင်း အသုဘသည် ဘုန်းကြီးပျံတမျှ စည်ကားခမ်းနားလှ ပေသည်။ သူကောင်းများ ရှင်ပြုအလှူ လုပ်လျှင်လည်း ၇ ရက် ၇ လီ ကျွေး မွေးဧည့်ခံလေ့ရှိပါသည်။ လှူဖွယ် ပစ္စည်းများမှာ တန်ဖိုးကြီးမား စုံလင်ပြီး ပင့်သံဃာတစ်ပါး ရွှေတစ်ကျပ်သား တန်ဖိုးမက ပင့်သံဃာရာနှင့် ချီပင့်လှူ ကြလေသည်။ သူကောင်းအသုဘ ဆိုလျှင်လည်း တကူးတက လာရောက် ကြည့်ရှုကြပါသည်။
သူကောင်းတစ်ဦး ကွယ်လွန်လျှင်လည်း ပင့်သံဃာ အပါး ရာချီ၍ ပင့်လေ့ရှိ၏။ ငွေပဒေသာများ အပြင်၊ ပစ္စည်းပဒေသာ၊ ဆန်တစ်အိတ်၊ ဆီ၊ ကောဇော၊ သင်္ကန်းပရိက္ခရာ၊ သင် ဖြူး၊ သားရေသေတ္တာ၊ ဘုန်းတော်ကြီး တစ်ပါးစီ လှူဒါန်းသည်အထိ ကြီး ကျယ်ခမ်းနားလှသည်။ အသုဘအခမ်း အနားတွင် ဆင်နှစ်ကောင်ပေါ်တွင် ပိဋကတ် ၃ ပုံတင်၍ အသုဘရှေ့မှ သွားပြီး ရှေ့ဆိုင်းတွင် ရွှေမြူတာ၊ ငွေ မြူတာ၊ ရွှေပခြုပ်၊ ငွေပခြုပ်၊ ရွှေထမင်း အိုး၊ ငွေထမင်းအိုး၊ ရွှေညောင်ရေအိုး၊ ငွေညောင်ရေအိုး၊ ရွှေဖိတုံး၊ ငွေဖိတုံး၊ ဆင်ပေါက်တစ်ကောင်၊ ဆင်မတစ် ကောင်၊ ပြဒန်၊ ကုဗီ်္တးစင်(သေသူအတွက် အစားအသောက်များ)ဖိုတစ်၊ ဖိုနှစ်စ သည်တို့ဖြင့်လည်းကောင်း၊ မီးသတ်အိုး၊ အရိုးကောက်၊ ကိုရင်တစ်ပါး(စဏ္ဍာလ ကို သင်္ကန်းဝတ်၍ လိုက်စေသည်) ပေါင်းစည် ၄ လုံး၊ စွန့်ကြဲရန် အ၀တ် အထည် များ၊ စပါးလှည်း ၃ စီး၊ မြင်း (ယောက်ျားဖြစ်က မြင်း၊ မိန်းမဖြစ်က လှည်း)ကန်တော့ပွဲ ထီး၊ ကျိုင်း၊ သိုင်း၊ စာအုပ်၊ ရေတကောင်း၊ ဆေးလိပ် တ္တော၊ လက်ဖက်အုပ်၊ ကွမ်းအစ်၊ ထွေးခံ၊ အ၀တ်အထည်။ ယောက်ျား ၁၊ (ယောက်ျားတစ်ဦးအား လွတ်လပ် ခွင့်ပေးသည်။) ထိုသို့ရွေးချယ်ထားသူ က သရဏဂုံတင်ပြီး ရေအိုးတစ်လုံးကို ၄င်းတို့အပေါ်မှ ကျော်၍ ပစ်ခွဲစေလျက် ထိုသူအား အစေအပါးမှ လွတ်စေပြီး၊ “လွတ်ကျွန်” ခေါ်လေသည်။
မိန်းမ စဏ္ဍာလ(သီလရှင်ဝတ်၍ လိုက်စေသည်။) စသည့် အခမ်းအနားနောက်မှ ရွှေထီးများ မိုးထားသည့် အလောင်းစင်၊ ၄င်းနောက်မှ ဆိုင်းဖြင့် ချဆောင်သွားလေသည်။ ပြာသာဒ်၊ အလောင်းစင်ကို ထမ်း၍ လူတစ်ထောင်ခန့် လိုက်ပါ လျက် နေအိမ်မှ သင်္ချိုင်းသို့ အလှည့်ကျ ထမ်းကြရလေသည်။ အသုဘပို့ရာတွင် သူကောင်းများထဲမှ အသက်အကြီးဆုံး ပုဂ္ဂိုလ်က ရှေ့ဆုံးမှ လိုက်ပါရပြီး၊ နောက်မှ ကြီးစဉ်ငယ်လိုက် ပို့ဆောင်ကြ ရလေသည်။ ဗြိတိသျှ အစိုးရလက် ထက်တွင် စစ်သားများက စစ်တီးဝိုင်း ဖြင့်လည်းကောင်း၊ သေနတ်ဖောက်၍ လည်းကောင်း ကူညီသည်လည်း ရှိပါသည်။ သင်္ချိုင်းတွင် အ၀တ်အထည် များကို စွန့်ကြဲပါသေးသည်။ ယောက်ျား သေဆုံးလျှင် တိုက်ပုံအင်္ကျီ ၁၅ ထည်၊ မိန်းမ သေဆုံးလျှင် မိန်းမ အင်္ကျီ ၂၀ ခန့်၊ လုံကွင်းအဖြူ ၁၅ ထည်၊ ကိုက် ၃၀ ခန့်၊ အနီဆိုးထည် ၁၇ ကိုက် မျှ စွန့်ကြဲကြလေသည်။
ယခုအခါတွင် စလင်းသူကောင်းများသည် ရန်ကုန်၊ မန္တလေးနှင့် ဂျပန်၊ အမေရိကန်၊ ပြင်သစ် စသော ရပ်ဝေးများပင် ရောက် ရှိလျက် စလင်းမြို့တွင် ၂ ဦး၊ ၃ ဦးသာ ရှိနေသော်ငြား သူတို့ တတ်နိုင်သလောက် မျိုးရိုး အစဉ်အလာမပျက် ထုံးတမ်း စဉ်လာများ ထိန်းသိမ်း စောင့်ရှောက်လျက် ရှိသည်ကို တွေ့ရသည်။ သူတို့အချင်း ချင်း ကြီးသူကို ငယ်သူက “ဘုရား” ထူးကြသည်။ မိမိနှင့်ရင်းနှီးသော သူကောင်း ဦးလှဘုန်း ဆိုလျှင် သင်္ကြန်၊ ၀ါဆို၊ သီတင်းကျွတ် လတိုင်း စလင်း ပြန်ပြီး ဆိုင်ရာ မိရိုးဖလာ နတ်များ ပူဇော် ပသခြင်း၊ မိဘဘိုးဘွားဂူများကို ကန် တော့ခြင်းများ ပြုလုပ်လျက်ရှိပါသည်။ ဘိုးဘွားများကောင်းမှု ဘုရားများ၊ ကျောင်းကြီးများကို တတ်နိုင် သလောက်ပြုပြင်လျက် ဘုရားပွဲ အတွက် ရပ်ဝေးမှ ငွေပို့ကာ ဆွမ်း သပိတ်လုံးလောင်းလှူစေပါသည်။ စလင်းမြို့တွင် “သူကောင်း” ဟူသော လူတန်းစားတစ်ရပ် အတိတ်တွင်ရှိခဲ့ သလို၊ အရိပ်တွေလည်း ရှိနေဆဲပင်ဖြစ် သည်။ သူကောင်းမျိုးရိုးများအကြောင်း လူကြီးသူမများက လူငယ်များကို ပြောလျက် ရှိသလို၊ ယခုအချိန်အထိ သူ ကောင်းများ သမိုင်းမှာ ဆန်းပြားခမ်းနားလျက် ရှိနေပါတော့သည်။
ဦးစန္ဒိမ၊စလင်း၊
http://shweamyutay.com/index.php?option=com_content&view=article&id=4211:2012-07-03-09-38-14&catid=90:2008-06-08-19-55-01&Itemid=682


6:15 AM
Unknown
Posted in:
0 comments:
Post a Comment