
သူ့အိမ်ရှေ့ သံစည်ပိုင်း ပြတ်ထဲက ရေတစ်ခွက်ကို ခပ်မြန်မြန် ခပ်ပြီး မျက်နှာကို ပွတ်သပ် သန့်စင်လိုက်သည်။ ဘယ်လက်မှ သစ်သား ချိုင်းထောက်ကို အားပြုလျက် ပုဆိုးကို ဖြေလျော့လိုက်သည်။ ခါးပုံစနှင့် မျက်နှာကို သုတ်ရင်း မျက်ဝတ်များကို ခပ်ကြမ်းကြမ်း တစ်ချက်နှစ်ချက် သုတ်ဖယ်သည်။
ရေငုံ ထားလျက် လက်ညှိုးဖြင့် ပါးချောင်ထဲ အထိ ထိုးနှက်၍ သွားကိုပွတ်တိုက် အာလုတ် ကျင်းကာ မြေပေါ်သို့ “ထွီ” ခနဲ ထွေးထုတ် ပစ်လိုက်သည်။ မေးစေ့ထိ စီးကျလာသည့် ရေစီးကြောင်းကို လက်ဖမိုးဖြင့် ပွတ်သပ် လိုက်သည်။ ပုဆိုးကို နေသားကျအောင် ပြင်ဝတ်ပြီး စည်ပိုင်း ပြတ်ထဲမှ ရေဖြင့် ခေါင်းမှ ဆံပင်များကို ပိရိ သေသပ်အောင် ဖိသိပ်သည်။
လုပ်ငန်းခွင်ထဲ အရောက်သွားဖို့ ဤသို့ ဤနှယ် ပြင်ဆင်ပြီး ယနေ့ရောင်းမည့် ပန်းကုံးလေးများ၏ ထိပ်တွင် စုစည်း ချည်နှောင်ထားသည့် ပန်းသီ ကြိုးထုံးကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်လျက် အိမ်ရှေ့လမ်းမပေါ် ခြေလှမ်း ကို စတင်တာ လွှတ်လိုက် သည်။ သူခေါင်း အမော့တွင် ပြာလဲ့လဲ့ ကောင်းကင်မှ “လရောင်” အလင်းဖျော့ဖျော့ က အပြုံးယဲ့ယဲ့ဖြင့် သူ့ကို နှုတ်ဆက်နေသည်။ မဟာ လူသား၏ ၀ီရိယ ဇွဲနပဲကို အပြုံး တစ်ခုဖြင့် လှစ်ဟချီး ကျူးနေသယောင်။ ကိုဘခက် သူ့တဲကုပ် စုတ်ချာချာကို သမင်လည်ပြန် ကြည့်သည်။ တံခါးမရှိ၊ ဓား မရှိသည့် သူ့တဲကုပ်လေးထဲတွင် သူ့သား ဂျူနီယာ ဘခက် ပုဆိုးခြုံ၍ ကွေးကောင်းတုန်း ရှိမည်။
ခြေရင်း၊ ခေါင်းရင်းတဲ အိမ်များကို မျက်လုံး ဝေ့ကြည့် သည်။ အမှောင်အနှော့ လင်းဖျော့ဖျော့တွင် ငြိမ်သက်တိတ် ဆိတ်နေကြသည်။ ပစ္စည်းမဲ့ လူတန်းစားတို့၏ ရွှေဘုံရွှေနန်း ဝေဟင်အိပ်မက်များ မက်ကောင်းတုန်း ရှိမည်။
ဒီနေ့ခါတိုင်းနေ့တွေ ထက် လုပ်ငန်းခွင်သို့ သူ စောစော ထွက်ဖြစ်သည်။ အုတ်ကျိုး၊ အုတ်ပဲ့ထိုးထိုး ထောင်ထောင်နှင့် မညီညာသော မြေ သားလမ်းအဆုံး ကွန်ကရစ် ခင်းလမ်းမကြီးကို ရောက် တော့ သူ့တစ်ကိုယ်လုံး ချွေးတို့ ရွှဲနစ်နေပြီ။ သန်စွမ်းသည့် ခြေထောက် တစ်ဖက်ဖြင့် သစ် သားချိုင်းထောက်တစ်ချောင်း အားပြုကာ အထုအထောင်း ထန်သည့် ဘ၀ကြိုးဝိုင်းထဲ ရဲရဲဝံ့ဝံ့ တိုးဝင် နေခဲ့သည်မှာ ဘ၀ နေ၀င်ချိန်ကိုပင် ရောက် လုနီးပါးရှိခဲ့ပြီ။ နံနက်အရုဏ် ဦး၏ သန့်ရှင်းလတ်ဆတ် သည့် လေပြည်ညင်းနုနုက သူ့ရင်ကို အမောပြေစေသည်။ သူ့ခြေလှမ်းကို သွက်သွက် လှမ်းဖြစ်သည်။ သူ စောနိုင် သမျှ စောစော ရောက်အောင် သွားရမည်။
မနေ့က။ ဟုတ်သည်။ မနေ့ကအကြောင်းတွေ ခေါင်း ထဲဝင်လာသည်နှင့် သူတစ် ကိုယ်လုံးရှိ သွေးတွေ တဖျဉ်းဖျဉ်း ဆူပွက်ထ၍ ရင်တစ်ခု လုံး ဗြောင်းဆန်ကာ ဒေါသ ဖြစ်လာရသည်။ သူ့ဈေးကွက် ရှိရာ မြောက်ဥက္ကလာပ အ၀ိုင်းရောက် သည်နှင့် နှစ်ပေါင်းများစွာ သူနှင့်ရင်းနှီး နေခဲ့သည့် ကား သမားများထံ သူ့လက်ထဲမှ စံပယ်ပန်းနှင့် ရွှေပန်း၊ ငွေပန်း ပန်းကုံးလေးများကို အရောအနှော အတွဲလေးတွေ ဖြတ်၍ ကားခေါင်းထဲရှိ နောက်ကြည့် မှန်တွင် ချိတ်ပေးရန် လက် လှမ်းမိသည်။
ကိုဘခက်လက်က မနေ့က ပန်းခြောက်များ ဖြုတ်၍ ပန်းအသစ် ပြန်ချိတ်ပေးနေ ကျဖြစ်သည်။ ယနေ့ပန်း ခြောက်အပ် ချည်ကြိုးက အထူး အဆန်းဖြစ်နေသည်။ ခြောက သွေ့ နေရမည့်အစား ရေအစို ဓာတ်ကို သူထိတွေ့ခံစား လိုက်ရသဖြင့် သူ့လက်တွေ တွန့်ဆုတ် ရပ်တန့်သွား သည်။
ကားအတွင်းကို ခေါင်း ငုံ့ကြည့်ဖြစ်သည်။ စံပယ်ပန်း ဖြူဖြူ အငုံဖူးပန်းကုံးလေး များက သူ့အရင် နေရာယူရှိနှင့် နေကြသည်။ အလှည့် မရောက်သေးသဖြင့် ကားဆရာများ လက်ဖက်ရည်ဆိုင် ထဲ တစုတဝေးတည်းမှာ ရှိနေကြသည်။ သူတော်တော် ဒေါသ ဖြစ်သွားရသည်။ လူတွေကလည်း သစ္စာမဲ့လိုက် ကြတာဟု တွေးမိသည်။ နှစ်ပေါင်းများစွာ သူ့ထံမှနေ့စဉ် ပန်းကို ၀ယ်နေကျ ဖြစ်ပြီး ဒီနေ့မှ ဖောက်လွဲဖောက်ပြန် ဖြစ်နေကြသည်။
ရပ်ထားသည့် ကားတန်းအရှည် တစ်လျှောက် ကားတစ်စီးပြီး တစ်စီး ခေါင်းခန်းများ အတွင်း ငုံ့ကြည့် သည်။ ကားဆယ်စီးခန့်တွင် ခြောက်စီးလောက်က ပန်းတွေ ရှိနှင့်ပြီး ဖြစ်နေသည်။ သူ့ ရင်ထဲမှာတော့ ဒေါသတွေ သံ ရည်ပူထသလို ဆူပွက်နေ သည်။ သူ့ဉဏ်မီသရွေ့ အဖြေ ရှာကြည့်သည်။ သူ့ဈေးကွက် တစ်နေရာရာတွင် သူ့စား ကျက်၊ သူ့စားခွက်ကို ရိုက်ပုတ်နေသည့် ရန်သူတော်တစ် ယောက်ရှိနှင့်နေပြီကို တွက် ဆမိသည်။
ပန်းမရှိသေးသည့် ကား များကို အဟောင်းဖြုတ် အသစ် ချိတ်ပေးပြီး ကားအ၀င်လမ်း ဖြစ်သည့် မြောက် ဥက္ကလာပ အ၀ိုင်းဘက်ကို သူ သတိဖြင့် မျက်ခြည် မပြတ်ရှာ ဖွေကြည့်လျက် ချင်းနင်းဝင် ရောက်သည်။ ကားတန်း ဆုံးသွား သည့်တိုင် သူ့ရန်သူတော်ကို မတွေ့ရသဖြင့် သူ မေးကြောကြီးများ ထောင်ထလာအောင် အံကို ကြိတ်ထားမိသည်။ ကျစ်ကျစ်ခဲခဲဆုပ်ထားသည့် လက်သီးဆုပ်ထဲတွင် ရန်သူတော်သာ ရှိနေပါက အမှုန့်ဖြစ် နေလောက်သည်။ သူ့ဈေး ကွက်ထဲက အင်းဆက်ပိုး တစ်ကောင်ကို သူမိအောင် ဖမ်းပြီး ကောင်းကောင်းဆုံးမလိုက်မည် ဟူသည့် အငြိုးအတေးဖြင့် မနေ့က ပြန်လာခဲ့ရသည်။
ဒီနေ့အမိ ဖမ်းရမည်။ သူ့ စားကျက် သူ့ဈေးကွက်ထဲမှ နင်ပဲငဆပြောဆို မောင်းထုတ် ပစ်မည်။ တစ်ဂူတည်း ခြင်္သေ့ နှစ်ကောင် အောင်းရိုးထုံးစံ မရှိ ဆိုသည်ကို ရန်သူတော်ကို ကောင်းကောင်းသိစေလိုက် မည်။
သားသမင်ကို အလစ် မပေးစတမ်းကြည့်သည့် ကိုဘခက်မျက်လုံးအစုံက ရပ် တန့်သွားသည်။ သူ၏ရန်သူ တော် ဈေးကွက်အဖျက် ကောင်ကို တွေ့ရပါသည်။ ခပ်လှမ်းလှမ်းမှဖြစ်၍ သေချာ စေရန် ကိုဘခက်ခြေလှမ်းကို ခပ်စိပ်စိပ်ဖြင့် သွက်သွက် လှမ်းသည်။ ထိုသူ့အနား ရောက်တော့ သူ့လက်တစ် ဖက်က ထိုသူ၏ ပခုံးကို ကြမ်းကြမ်းတမ်းတမ်း ဆုပ် ကိုင်ဆွဲလှည့်လိုက်သည်။
အလင်းနုနေခြည် အောက်တွင် သူတွေ့လိုက်ရ သည်က ရုပ်ရည်ကြမ်းတမ်း ခက်ထန်နေသည့် ပုရိဿ ယောက်ျား တစ်ယောက်မဟုတ် ဘဲ အံ့သြထိတ်လန့်နေသည့် ယုန်သူငယ်၏ မျက်လုံးမျိုးဖြင့် ဦးထုပ် ခပ်နွမ်းနွမ်းအုပ်အုပ် အောက်မှ နုနယ်ဝင်းပသည့် မိန်းကလေး တစ်ဦးကို တွေ့ရ သည်။ မျက်လုံးများမှာ ကြောက်ရွံ့ထိတ်လန့်မှု ပုံရိပ်တွေက ထင်ဟပ်နေသည်။ ကိုဘခက်တို့ ပန်းသည် လောကတွင် တစ်ခါမှမမြင် ဖူးသည့် မျက်နှာစိမ်း တစ်ဦး ဖြစ်နေသည်။
ဒေါသကြောင့် တုန်ယင်နေသည့် သူ့ရင်အစုံက လည်မျိုတွင် တစ်ဆို့၍ စကားသံထွက်အန်ကျလာစေ ရန် စွမ်းအားတစ်ရပ်လိုအပ် နေသည်။ နေရာတွင် ရပ်လျက် အသက်ကိုဖြည်းဖြည်း ချင်းရှူရှိုက်၍ စိတ်ကိုတည် ငြိမ်စေလိုက်သည်။ ဖြေလျော့လိုက်သည့် လက်အစုံကို ဘေးသို့ပြန်အချတွင် ယုန်သူငယ်မလေး၏ ၀ိုင်းဝိုင်းစက်စက်မျက်လုံးများ က သူ့ကိုတအံ့တသြ စူးစမ်း လာသည်။
ကိုဘခက်လက်ထဲမှ ဖြူဖြူဖွေးဖွေး ပန်းကုံးများကို တွေ့မှ နှင်းဆီငုံနှုတ်ခမ်းနှစ် လွှာက တဆတ်ဆတ်တုန် ပွင့်ဟလာသည်ကို ကိုဘခက် တွေငေးကြည့်ဖြစ်သည်။ သူမထံမှ စကားသံတိုးတိုး တုန်တုန် ထွက်ပေါ်လာ သည်။ စကားသံက အစီ အစဉ်မကျ အထစ်ထစ်အငေါ့ ငေါ့ဖြစ်နေသည်။ ကိုဘခက် သူမထံ ရောက်လာရခြင်း အကြောင်းအရင်းမှန်ကို မိန်းကလေးကောင်းစွာ သဘော ပေါက်သွားပုံရသည်။
“ကျွန်...ကျွန်မ... တောင်းပန်”
တစ်ရံတစ်ခါမှ မဖြစ် ပေါ်ဖူးသည့် တစ်ဖက်သား ကို ညှာတာစိတ်တို့ ရင်မှာ တဖွားဖွား ခံစားလာရသည်။ တစ်ဆက်တည်းမှာ သူ့ရင်က အလိုလိုအေးငြိမ်းနေသည်ကို ကိုဘခက်သတိ ထားမိ သည်။ အသိတရားနှင့်အတူ အပြုအမူတို့ပါ ညံ့သက် ညင် သာလာသည်။
“တောင်းပန်စရာ မလို ပါဘူး မိန်းကလေးရယ် ပင်လယ်ရေဆိုတာ တစ်ယောက်တည်း သောက်လို့ မကုန်ပါဘူး”
“ကျေး...ကျေးဇူးတင် ပါတယ် ဦးလေး... ကျွန်မ ...ကျွန်မလည်းဒီအလုပ်မျိုးကို တစ်ခါမှ မလုပ်ဖူးပါဘူး... အရင် လုပ်နေတဲ့ အထည်ချုပ် စက်ရုံက ပိတ်လိုက်တော့ မိသားစုအခက်အခဲတွေ ကြောင့် ဒီအလုပ်ကို လုပ်ဖြစ် တာပါ...အိမ်မှာလည်း အမေက အတော် နေမကောင်း ဖြစ်နေလို့ပါ...ဒီတစ်ရက် နှစ်ရက်တည်းပါ ဦးရယ်...အမေ နေကောင်းတာနဲ့ ကျွန်မ တခြားမှာ အလုပ်ရှာပြီး လုပ်ပါ့မယ်၊ ဦးရဲ့ဈေးကွက် ကို တမင်ဝင်လုပြီး နှောင့် ယှက်တာ မဟုတ်ပါဘူး”
ကိုဘခက် သက်ပြင်း မောကို လေးလေးပင်ပင်ချမိ သည်။ မိန်းကလေး၏ ကိုယ် ပေါ်မှ အ၀တ်အဆင်က ဟောင်းနွမ်းသော်လည်း သန့် ပြန့်နေသည်။ မိန်းကလေး၏ အခြေအနေမှန်ကို ခြေခြေမြစ် မြစ် မသိရပေမဲ့ သူမအပေါ် စာနာသနားစိတ်တို့ ဖြစ်ပေါ်မိ သည်။ နက်ရှိုင်းသည့်နှလုံး သားမှာ ဖြစ်တည်လာသည့် မေတ္တာဓာတ်၏ စွမ်းအား ကြောင့်ဖြစ်မည်။ ကိုဘခက် နှင့် မိန်းကလေးတို့ နားလည်မှု တစ်ခုရရှိခဲ့ကြသည်။ နှစ်ဦး စလုံး ဂိတ်ထိုးရန် လာသည့် ကားများကို တစ်ယောက် တစ်စီး၊ တစ်လှည့်စီဖြင့် ပန်းကုံး ဈေးကွက်ဆင်းကြ သည်။
နှစ်ဦးစလုံး၏ မျက်နှာ ပြင်ထက်တွင် ချွေးတို့ဖြင့် ရွှဲ နစ်၍နေသော်လည်း အပြုံး မျက်နှာများက ပေါ်လွင်နေ သည်။ တစ်ဦးနှင့် တစ်ဦး ဆုံ စည်းမိသည့် အကြည့်များထဲတွင် စာနာနားလည်မှုလေး များ ယှက်သန်းနေကြသည်ကို ဘာသာ သိနေကြသည်။ နှစ်ဦးသား ရင်ထဲတွင် နက် နက်ရှိုင်းရှိုင်း ကိုယ်စီခံစားမိ ကြသည်။
နာရီလက်တံများက နံနက် ၉ နာရီကို တစ်ချက်ချင်း မှန်မှန်ပြေးလွှားနေ သည်။ အမှောင်ထုကို အနိုင် ရသိမ်းပိုက်နိုင်လိုက်သည့် နေမင်းကြီးက ရဲရဲဝံ့ဝံ့ ခေါင်းပြူ ထွက်ပေါ်လာသည်။ ဖြန့် ကြက်ဖြာကျလာသည့် နီဝါ ရောင်ရောင်ခြည်များက လောကမြေပြင်ပေါ်ရှိ သက်ရှိ သက်မဲ့များပေါ်သို့ နွေးထွေး စွာ တို့ထိကျီစယ်လာသည်။
ပန်းသီကြိုးဖြတ်သည့် ဓားပါးလေးကို ကိုဘခက် အင်္ကျီအိတ်ကပ်ထဲထည့်လိုက် သည်။ လက်ထဲမှ အကျည်း တန်စွာ အဖုအထုံးအဖြစ် ကျန် နေသည့် ပန်းသီကြိုးခေါင်း ကို သူတစ်ချက်ငုံ့ကြည့်ပြီး လမ်းနံဘေး ရေမြောင်းထဲ လွှင့်ပစ်လိုက်သည်။
စက်သုံးဆီ အရောင်း ဆိုင်ရှေ့ ဒေါ်မြမုန့်ဟင်းခါး ဆိုင်မှ နေ့စဉ်ဝယ်နေကျ မုန့်ဟင်းခါး ပါဆယ်တစ်ထုပ်ကို လက်ကဆွဲလျက် အိမ်ပြန်ရန် ပြင်သည်။ သူပြန်အလာကို တဲကုပ် အ၀မှ မျှော်နေမည့် သားငယ် ဂျူနီယာဘခက် မျက်နှာကို မြင်ယောင်မိသည် နှင့် သူ၏ခြေလှမ်းတို့ကို သွက်သွက် လှမ်းလိုက် သည်။
အိမ်အပြန် ခြေလှမ်းတွေ က သွက်နေသည်။ သူ့ရင်ထဲ တွင် ရှင်းရှင်းလင်းလင်းဖြစ် လျက် ပေါ့ပါးနေသည်။ အတွေးပျော်တို့ဖြင့် အပြန် လမ်းတစ်လျှောက် သူ့ ခြေလှမ်းတွေက စည်းချက် ကျနေသည်။ ရုတ်တရက် အနောက်ဘက်မှ အနီးကပ်၍ သူ့ကိုခေါ်လိုက်သံကြောင့် အတွေးတစ်ပြိုက်ဖြင့် တက် သုတ်ရိုက်နေသည့် သူ့ခြေ လှမ်းအစုံက နေရာတွင် တိတိ ရိရိ ရပ်တန့်သွားကြသည်။ အသံရှင်ကို သူလှည့်ကြည့် သည်။ ကိုဘခက်တို့ ပန်း သည်လောကမှ ပူပူနွေးနွေး ၀င်ရောက်လာသည့် ပန်း သည်မလေး မကြာညိုဖြစ်နေ သည်ကို တွေ့လိုက်ရသည်။
“ဦး ပြန်တော့မလို့ လား”
“အေးကွဲ့ သမီး ကြာညိုရော မပြန်သေးဘူး လား
“အိမ်က ဘယ်နားမှာ လဲ”
မိန်းကလေးက နှုတ်ခမ်းထူထူလေး တင်းတင်း စေ့ရုံပြုံး၍ ကိုဘခက်ကို ကြည့်နေသည်။ ကိုဘခက် အမေးကြောင့် အရှက် မျက်နှာက ပန်းရောင်သွေးတို့ဖြင့် ယှက်ဖြာသွားသည်။ မိန်း ကလေးက လှပသည့် သွား တက် သွားစွယ်လေးပေါ်ရုံ နှုတ်ခမ်းလေးကို လှစ်ဟ ပြုံးရင်း...
“အဟင်း အိမ်ဆိုပေမဲ့ အိမ်လို့ မမည်ပါဘူး ဦးရဲ့။ ဟောဟိုရှေ့လမ်းချိုးလေး ထဲမှာ ကျွန်မတို့ နေတယ်လေ အမေ့အတွက် လက်ဖက်ရည် ၀င်ဝယ်နေတာ ကျွန်မတို့ နေရာလည်း သိရအောင် ၀င်လည်ပါ ဦး”
ကိုဘခက် သဘောတူ ခေါင်းညိတ်ပြပြီး ရောက် တတ်ရာရာ စကားများပြောရင်း လမ်းလျှောက် လာကြသည်။ မကြာညိုက သူ့အိမ်နေရာကို လက်ညှိုး ဖျော့ဖျော့ဖြင့် ပြသည်။ ကိုဘခက် လှမ်း အကြည့်တွင် သစ်ပင်အုပ်အုပ် ဆိုင်းဆိုင်းအောက်မှ တဲတန်း ကလေးကို မြင်ရသည်။
တချို့တဲများ အတွင်းမှ မီးခိုဖြူညစ်ညစ်များ အူထွက် နေကြသည်။ ရမ္မက်မီးခိုးများ မဟုတ်တာတော့ သေချာ သည်။ ထိပ်ဆုံးတဲလေးထဲ မိန်းကလေးက ခေါင်းငုံ့ဝင် လိုက်ပြီး ကိုဘခက်ကို လှည့် ၍ဖိတ်ခေါ်သည်။ တစ်ဆက်တည်း တဲအတွင်းမှ သူမ၏ မိခင်နှင့် ကိုဘခက်ကို မိတ် ဆက်ပေးသည်။
ကိုဘခက် မနေတတ် မထိုင်တတ်ဖြစ်ရသည်။ လူက မြောက်ကြွကြွဖြစ်လျက် တစ်ကိုယ်လုံး ဖိန်းဖိန်းရှိန်းရှိန်း ခံစားရသည်။ သူ့ကိုယ်သူ လည်း အနည်းငယ် ဘ၀င် မြင့်မိသည်။ သူက ဈေးကွက် ကြီးတစ်ခုလုံး၏ ပိုင်ရှင်တစ်ဦး အဖြစ် တလေးတစား ဆက်ဆံ အရိုအသေပေး ခြင်းကို ဂုဏ်ယူဝင့်ကြွားစွာ ရရှိနေသည် မဟုတ်ပါလား။
သစ်တုံးမည်းမည်း လေးတစ်ခုကို ထိုင်ခုံအဖြစ် ထိုင်နိုင်ရန် မကြာညိုက ကိုဘခက်အတွက် ယူလာပေး သည်။ ခဏနော် ဟူသည့် အကြည့်ဖြင့် ကိုဘခက်ကို ကြည့်သည်။ သမင်မလေး တစ်ကောင်ပမာ သွက်လက် စွာလှုပ်ရှားနေသည့် သူမကို ကိုဘခက် ငေးကြည့်ဖြစ် သည်။
သူ့တွင် သမီးအကြီး ရှိပါက ထိုသူငယ်မ အရွယ်ရှိပြီး သူ့အတွက် အားကိုးအားထား ပြုနေရလောက်ပြီ။ မကြာညို သူ့အနား တစ်ဖန်ပြန်ရောက် လာမှ သတိဝင်ကာ တဲ အတွင်းပတ်လည်ကို အကြည့် ရောက်ဖြစ်သည်။ မကြာညို က လူနာမိခင်ကို တွဲထူ၍ လက်ဖက်ရည်ဖြင့် ဆေးတိုက်ရန် ပြင်ဆင်သည်။ တဲ အတွင်း အမှိုက်တစ်စ မရှိအောင် လှည်းကျင်းထား သည်မှာ မြေပြင်တွင် သန့်ရှင်းနေသည်။ ထင်းရှူးပုံး ပေါ်တင်ထားသည့် အိုးခွက် ပန်းကန်များက ပြောင်လက် ရှင်းသန့်နေသည်ကို ကြည့်ရုံ ဖြင့် အိမ်ထောင်မှုနိုင်နင်း သည်ကို တွေ့ရသည်။
ကိုဘခက် အသိတစ်ခု ၀င်လာသည်။ သူတို့လမ်းထိပ် လမ်းမကြီးပေါ်ရှိ နိုင်ငံ ခြားဆေးမျိုးစုံ ရောင်းသည့်ဆိုင်မှ ဆရာ ကိုလင်းလင်း ပြောတာ သူအမှတ်ရသည်။ ဘာ ဆေးသောက်သောက် အစာခံ ပြီးမှ သောက်ရမည်။ ရုတ်တရက် ထိုင်နေသည့် နေရာမှ ထ၍ သူ့လက်ထဲမှ မုန့်ဟင်းခါးထုပ်ကို မိန်းကလေးရှေ့မှ ထင်းရှူးပုံးခုံလေးပေါ် ချပေး လိုက်သည်။ အံ့သြစိတ်ဖြင့် မော့ကြည့်လာသည့် သူမ၏ အင်အားနည်း မျက်ဝန်းအကြည့် ကို ကိုဘခက်အပြုံးချိုမြမြဖြင့် နှစ်သိမ့်သည်။
“ဆေးသောက်ရင် အစာ တစ်ခုခု စားပြီးမှ သောက်ရတယ်။ ဒီမုန့်ဟင်းခါးကျွေး ပြီးမှ ဆေးတိုက်နော်။ ကဲ ဦး ပြန်ဦးမယ်”
သူ့နောက်ကျောပြင်ကို နားမလည်နိုင်ခြင်းများစွာဖြင့် ကြည့်ငေးကျန်ရစ်နေခဲ့ မည်ကို ကိုဘခက်သိသည်။ သူလှည့်မကြည့်ဖြစ်အောင် စိတ်ကို ထိန်းသည်။ ပင့်သက် တစ်ရှိုက်ကို လှိုက်လှိုက်ဖိုဖို ရှိုက်သည်။
မကြာညို၏မြင်ကွင်း တွင် အကျည်းတန်သော် လည်း စိတ်သဘောထား ကောင်းမွန်သည့် ကိုဘခက် အသွင်က ဝေး၍ ဝေး၍သွား သည်။ ဘယ်ယိမ်းညာယိမ်း အနိမ့်အမြင့်ဖြစ်လျက် တစ် လှမ်းချင်း လျှောက်လှမ်း ထွက်ခွာသွားသည်။ကိုဘခက်ဟန်ပန်ကို မြင် ကွင်းမှ ပျောက်ကွယ်သွား သည်အထိ မိန်းကလေးက ငေးကြည့်နေဖြစ်သည်။ မကြာညိုနှုတ်ဖျားမှ လှိုက် လှိုက်လှဲလှဲထွက်ပေါ်လာသည့် ကျေးဇူးတင်စကားကိုတော့ ကိုဘခက် ကြားနိုင်စွမ်းရှိနိုင် လိမ့်မည်မထင်ပေ။
တဲကုပ်ရှေ့အပေါက်ဝ တွင် ဖခင် ပြန်အလာကို မျှော်လင့်တကြီး စောင့်နေမည့် ဂျူနီယာ ဘခက်မျက်နှာကို သူမြင်ယောင်မိသည်။ နေ့စဉ် မပျက်မကွက် သူ့အတွက် ၀ယ်လာနေကျ မုန့်ဟင်းခါး ပါမလာသည်ကို သိသည်နှင့် မျက်လုံးပြူးလျက် မကျေ မနပ်အကြည့်ဖြင့် စကား နာထိုးခံရတော့မည်ကို သူသိ နှင့် နေသည်။
အခွန်အခပေးဆောင် ရန်မလိုသည့် ကျူးကျော်တဲ တန်းရှည်တွင် မမဲတူ၏ အသုပ်က နာမည်ကြီးလှ သည်။ သူတို့တဲတန်းအစွန် မှာရောင်းသည့် မမဲတူ၏ ခေါက်ဆွဲသုပ်တစ်ပွဲဖိုးပေး၍ နှစ်သိမ့်မှုတွေနှင့် ကျောသပ် ရမည်။ ဂျူနီယာဘခက်က အတော့်ကိုမလွယ်။ ဗိုက်ဆာ နေပါက ဒေါသကြီးတတ် သည်။ ဘယ်လိုချော့ချော့ ရမည်မဟုတ်ပေ။ အသုပ်တစ် ပွဲဖိုးအပြင် နေ့ခင်းဘက်လက် ဖက်ရည်တစ်ခွက်ဖိုးပါ ထပ် ဆောင်းပေးမှရမည်။ နေ့ခင်း လက်ဖက်ရည် ဆိုင်မှာပြသည့် ဂြိုဟ်တုစလောင်းက ကမ္ဘာ ကြီးနှင့် ကိုဘခက်တို့၏မြို့ သစ်မြို့စွန်ရှိ ရပ်ကွက်ချောင်း ကမ်းနဘေး ပလပ်မြေ မဟာကရုဏာတော် ရွာတန်း လေးနှင့် ချိတ်ဆက်ပေးရာ လင့်ခ်တစ်ခုဖြစ်သည်။
ကိုဘခက် လမ်းထိပ် ရောက်တော့ ကိုတင့်ဝေ၏ ဘုရားရှိခိုး အမျှပေးဝေသံကို ကြားရသည်။ ကိုတင့်ဝေတို့ အိမ်က မနက်ကြာနီကန် ည အာမီရမ်ဖြစ်သည်။ ကိုတင့် ဝေတို့အိမ် လမ်းထဲမှာရှိနေ သည်က ကိုဘခက်တို့လို လူ တန်းစားများအဖို့ ဘဏ်တိုက် ကြီးတစ်ခုပမာ အားကိုးရ သည်။ သမီးပေးမှ သားမက် ရပေမဲ့ ကိုဘခက်တို့လို လူ တန်းစားများအတွက် ကျေး ဇူးရှင်သဖွယ် ဖြစ်နေသည်။ မနက် ၉ နာရီမှ ညနေ ၅ နာရီထိ အချိန်အတွင်း ကိုတင့် ဝေတို့အိမ်က လူဝင်လူထွက် ဖြင့် စည်ကားနေတတ်သည်။ ကိုဘခက်စိတ်အတွေးတို့ ကြောင့် မျက်နှာပြင်ပေါ် အပြုံးတစ်ခုက ထင်ဟပ်လာ သည်။
ဦးတင့်ဝေက ဘုရားကို ပန်းတစ်ရာဖိုး၊ ဖယောင်း တိုင် ငါးဆယ်ဖိုး၊ အမွှေးတိုင် သုံးတိုင်၊ ပေါက်ပေါက်ဆုပ် ဆွမ်းတစ်ပန်းကန်၊ သောက် တော်ရေမဖြစ်ညစ်ကျယ် လောက်ကပ်ပြီး လူကြား ကောင်းအောင် အော်ကြီး ဟစ်ကျယ် ဘုရားရှိခိုးပြ သည်။ ရပ်ကွက်ထဲရှိ လူတွေ ၏ယုံကြည်မှုကို ဤနည်းဖြင့် ရယူသည်။ အများအမြင်မှာ သူကဘာသာရေးသမားစစ် စစ်၊ တနင်္ဂနွေနေ့ဆိုလျှင် နေ့ ညမပြတ် အော်ကြီးဟစ် ကျယ် ဘုရားဝတ်ပြုမြဲဖြစ် သည်။ တနင်္လာနေ့တွင် တစ် မိသားစုလုံး၏ နှစ်လုံးရောဂါ က အစပြု၍ တစ်ပတ်လုံး အရှိန်ပြင်းပြင်းထတတ် သည်။
ဆရာတော်တစ်ပါး ချီး မြှင့်ခဲ့သော သရဏဂုံဘုရား ရှိခိုးနှင့် မေတ္တာပို့နည်းကို ကိုဘခက်စိတ်ထဲမှာ ဖွဖွရွတ် ကြည့်သည်။ ဦးတင့်ဝေ မေတ္တာပို့သလို မရှည်လျား၊ အရပ်ရှစ်မျက်နှာမပါ။ သူ့လို လူမျိုးအတွက် အရပ်ရှစ် မျက်နှာကို မေတ္တာ ပို့ရလောက် အောင် သူ့မေတ္တာထုထည် မရှိ၊ မေတ္တာပို့ ဆုတောင်း ပေးလို့ လိုအင်ဆန္ဒတွေ ပြည့်ဝမည်ဆိုပါက သူ့ကိုယ် သူဦးဆုံး ကျန်းမာရေး ကောင်းအောင်၊ ကြီးပွား ချမ်းသာအောင်၊ မရှိ စကား မကြားရလေအောင် မေတ္တာ ပို့ ဆုတောင်းရမည်ဟု ကိုဘခက် စိတ်ထဲတွေးမိ သည်။ ယခုတော့ သူ့မေတ္တာပို့ က အလွန်အားပျော့ပါ သည်။ ခပ်ပါးပါးမေတ္တာပို့ဟု သူ့ဘာသာသူ အမည်တပ် သည်။
“သတ္တ၀ါများ ဘေး ကင်းပါစေ။ ချမ်းချမ်း သာသာနှင့် ကားများများ စီးနိုင်ကြပါစေ။ ဘုရားပန်း များ နေ့စဉ်ကပ်လှူနိုင်ကြ ပါစေ”
ဆရာတော်သီးသန့် ချီးမြှင့်ခဲ့သော မေတ္တာ ပို့နည်းကို နှုတ်မှ တိုးတိုးဖွဖွ ရွတ်လျက် အုတ်ခဲ အကျိုးအပဲ့များဖြင့် မိုး မျှော်ထိုး ထောင်နေသည့် သူ၏ စုတ်ချာချာ တဲကလေး ရှိရာသို့ သစ်လွင် တက်ကြွသည့် ခြေလှမ်းများဖြင့် တစ် လှမ်းချင်း တစ်လှမ်းချင်း လှမ်းလျက် ကိုဘခက် လျှောက်လာခဲ့သည်။
သူ့အိမ်ရှေ့ချောင်း ကမ်းစပ်မှာ ရေလှိုင်းတို့က ကမ်းစပ်ကို တဖျတ်ဖျတ် လာရောက်ရိုက်ခတ်နေသည်။ ကိုဘခက်ရင်ထဲ ယနေ့အဖြစ် အပျက်တို့က တွေးလိုက်တိုင်း ပီတိအဟုန်ဖြင့် တဖျတ်ဖျတ် ရိုက်ခတ်နေဆဲ။ သူထင်ပါသည်။ နောက်နေ့ပေါင်းများစွာ သူ့ ရင်ကမ်းစပ်ကို အပျော်လှိုင်း တို့ တလိမ့်လိမ့် တသိမ့်သိမ့် ရိုက်ခတ်နေပါဦးမည်။
လူဘုန်းဦး
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)
http://www.shweamyutay.com/index.php?option=com_content&view=article&id=4110&Itemid=&ed=120


6:40 AM
Unknown
Posted in:
0 comments:
Post a Comment